စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ပြည်မသို့ ကုန်စည်တင်ပို့ ဆက်သွယ်သွားလာရာ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် မဟာမြိုင်ကားလမ်း ပြန်ဖွင့်ပြီဖြစ်သော်လည်း ကလေးမြို့တွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဟု ဒေသခံများက ပြောသည်။
ကလေးမြို့ခံတစ်ဦးက “ဟိုတစ်ခေါက် ၃ ရက်လောက် လမ်းပွင့်တုန်းကတော့ ပစ္စည်း တော်တော်များများ ရောက်တယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းကတော့ အရင်ကထက် နည်းသွားပေမဲ့ သိပ်မကျနိုင်သေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆက်သွယ်သွားလာရေး လမ်းများကို ပိတ်ထားသဖြင့် ကလေးမြို့သို့ ကားအဝင်မရှိဘဲ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အပြင် ကုန်စည်တချို့ ပြတ်တောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အခြေခံစားသောက်ကုန်ဖြစ်ပြီး အများစု စားသုံးသည့် ဧရာမင်းကော်ချက် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၆,၀၀၀ (ယခင်ဈေး)၊ နေကြာဆီသန့် တစ်ပိသာလျှင် ကျပ် ၁၃,၀၀၀ ကျပ်၊ ကြက်ဉ တစ်လုံးလျှင် ၄၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းများ ဆက်လက်မြှင့်တက်နေဆဲဟု မြို့ခံများက ပြောသည်။
သို့သော် ဩဂုတ်လကုန်ပိုင်းတွင် ဓါတ်ဆီ 95 တစ်ဂါလံလျှင် ကျပ် ၂၀,၀၀၀ ကျော် အထိ ဈေးမြင့် တက်ခဲ့ပြီး ခွဲတန်းဖြင့်သာ ဝယ်ယူခဲ့ကြရာမှ ယခုအခါတွင် 95 တစ်ဂါလံကို ၁၇,၀၀၀ ကျပ် ဖြင့် လိုအပ်သလောက် ဝယ်ယူနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းနောက် ဩဂုတ်လ ၂၆ ရက်နေ့ မှ စ၍ ၃ ရက်ကြာ မဟာမြိုင်ကားလမ်း ပြန်ဖွင့်ပြီး ကလေးမြို့သို့ ကုန်စည်တချို့ ဝင်ရောက်လာသဖြင့် ကုန်ဈေးနှုန်း အနည်းငယ်မျှ ကျဆင်းခြင်း ဖြစ်သည်ဟု ကလေးမြို့ခံများက ဆိုသည်။
လက်ရှိတွင် ပြည်မနှင့် ကလေးမြို့သို့ ဆက်သွယ်ရာ ကားလမ်းများ ပျက်ဆီးနေပြီး မြို့သို့အဝင် အတက်ကားများ ပျက်နေလို့ ကလေးမြို့ကို ကုန်တင်ကားများ ပုံမှန်ဝင်ရောက် လာနိုင်ခြင်း မရှိသေးကြောင်း ကုန်စည်ပို့ဆောင်ရေး ကားဂိတ်များထံမှ သိရသည်။
“လမ်းကတော့ ပွင့်ပြီ၊ ဒါပေမဲ့ လောလောဆယ် လမ်းမကောင်းသေးဘူး။ မြိုင်ကတော့ ပွင့်နေပြီ၊ မုံရွာဘက်လမ်းက ကားပျက်နေလို့ပိတ်နေတာ၊ ဟိုဘက် ရွှေဘိုဘက်ကျတော့ တိုက်ပွဲ အခြေအနေမကောင်းလို့ ပိတ်နေတာ” ဟု ကားဂိတ်စခန်း တာဝန်ရှိတစ်ဦးက ပြောသည်။
ထို့အခြေအနေများကြောင့် ကုန်တင်ကားများ ကုန်စည်ပုံမှန် ပို့ဆောင်သွားလာနိုင်ရန် ကားလမ်းပိုင်း အခြေအနေ၊ တိုက်ပွဲအခြေအနေကို စောင့်ဆိုင်းနေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
အခြေခံစားသောက်ကုန်များ ဝယ်ယူရရှိရန်အတွက် ကလေးမြို့ကို အဓိက အားထားနေသည့် ချင်းတောင် တီးတိန်နှင့် တွန်ဇံမြို့တွင်လည်း ယင်းအခြေအနေများကြောင့် ကုန်ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်နေသည်သာမက တချို့ကုန်ပစ္စည်းများ ပြတ်တောက်နေသောကြောင့် နေ့စဉ် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
တီးတိန်မြို့ခံ အိမ်ရှင်မတစ်ဦးက “အခုက ဓါတ်ဆီလည်းဈေးကြီးလို့ မလိုအပ်ဘဲ ဆိုင်ကယ်တွေ မသုံးရဲဘူး၊ ဆန်ဈေးကလဲ တစ်သိန်းခွဲလောက်ဆိုတော့ ချွေတာရတာပေါ့၊ ဟင်းတွေဆို တနေ့လာလည်း ဒီဟင်း အပြောင်းအလဲအနေနဲ့လည်းသိပ်မချက်နိုင်တော့ဘူး၊ အရေးပေါ်ဟင်း ကြက်ဉတောင် မစားနိုင်တော့ဘူး” ဟု ပြောသည်။
KMG ပေးပို့သည်။