စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက် နယ်မြေ (၉) တွင် ဧပြီလ ၁၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ထောင်ထားသည့်မိုင်းပေါက်ကွဲပြီး အသက် ၅ နှစ်နှင့် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး ပွဲချင်းသေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ကလေးမြို့ဒေသခံတဦးက “နေပြည်တော်လို့ပြောတဲ့ ဝန်ထမ်းအိမ်ရာဘက်မှာ စကစထောင်ထားတဲ့မိုင်းကို ကလေးတွေ ယူဆော့ရင်းနဲ့ပေါက်တာ။ ကလေးငယ်နှစ်ဦး ပွဲချင်းသေဆုံးတယ်။ ဗုံးကွဲပြီးတဲ့နောက်ပိုင်း အဲ့ဘက်ကို စကစတွေ ခြေရှုတ်နေတာ” ဟု ပြောသည်။
ကလေးမြို့၊ အနောက်ဖက်တောင်ဖီလာရပ်ကွက်တွင် နေပြည်တော်ဝန်ထမ်းအိမ်ရာ တန်းလျားရှိပြီး စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း ယင်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့သည် တပ်စွဲနေရာယူထားပြီး အနီးနားပတ်ဝန်းကျင်မှာ မိုင်းထောင်ထားလေ့ရှိသည်ဟု သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် ကလေးငယ် ၂ ဦးမှာ ညီအကိုတော်စပ်သူများဖြစ်ကြသည်ဟု ကလေးမြို့ဒေသခံများပြောဆိုမှုအရ သိရသည်။
ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်သည် ဗိုလ်ချုပ်လမ်း၊ ကလေး-တီးတိန်-ဖလမ်းကားလမ်း၊ သူနာပြုကျောင်း၊ ကလေး-ကလေးဝလမ်း၊ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် နေ့စဉ်သံလုံကားဖြင့် ကင်းလှည့်စစ်ဆေးမှုများပြုလုပ်ကာ တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဧပြီလ (၁၁) နေ့ကစတင်ကာ ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက် Wifi လိုင်းများကို လေးရက်အကြာ ဖြတ်တောက်ခဲ့ရာ ဧပြီလ (၁၅) နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
KMG ပေးပို့သည်။