စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အနောက်တောင်ပိုင်းရှိ စက္ကန့်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး ၈ ဦး ထက်မနည်း ထိခိုက်ခဲ့ကြောင်း CDF-KKG ၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့တောင်ပိုင်း မြို့လှ ရပ်ကွက်မှ စက္ကန့်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကာ ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-KKG, CNDF (TZ), CNDF (NA), Kalay-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ၁ နာရီခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု CDF-KKG က အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များသည် တောင်ဖီလာတောင်ပေါ်မှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ကူခဲ့ခြင်း ကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒါဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
၎င်းဒါဏ်ရာရရှိသူများမှာ CDF-KKG မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရဒါဏ်ရာ) နှင့် CNDF (TZ) မှ ရဲဘော်တစ်ဦး ပြင်းထန်ဒါဏ်ရာရရခဲ့ကြောင်း သိရသည်။
“CNDF (TZ) က ရဲဘော်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်တော့ သူ့ရဲ့ မျက်လုံးတစ်ဘက် ထိခိုက်ထားတယ်၊ နောက် ပေါင်နဲ့ ဝမ်းဗိုက်မှာလဲ နဲနဲထိထားတယ်၊ သူ့ကို ဆေးကုသနိုင်ဖို့ ပို့လိုက်ပြီ” ဟု CDNF (TZ) နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထို့နောက် အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များမှ drone ဖြင့် တစ်ကြိမ် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။
အလားတူ အောက်တိုဘာလ ၈ ရက်နေ့က ဂန့်ဂေါမြို့နယ် မြစ်သာဆည်တွင် အထိုင်ချထားသော စစ်ကောင်စီ တပ်များနှင့် CDF-KKG တပ်ရင်း ၅ တို့ ထိတွေ့တိုက်ပွဲ ရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ယောက် သေဆုံး ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နယ် အနောက်တောင်ပိုင်း စက္ကန့်ကျေးရွာတွင် တပ်ဆွဲထားပြီး ပြည်သူနေအိမ်များအား မီးရှုဖျက်ဆီးတာကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့သလို လက်ရှိတွင်လည်း ဆက်လက် မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။
KMG ပေးပို့သည်။