ကလေးမြို့က စခန်းသိမ်းတိုက်ပွဲအတွင်း CNDF ဒု-စစ်ဦးစီးချုပ်အပါအ၀င် ရဲဘော် ၄ ဦး ကျဆုံး

0
301
ပုံစာ - ကျဆုံး CNDF တပ်ဖွဲ့ဝင်များ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ စစ်ကောင်စီစခန်းသိမ်း တိုက်ပွဲများအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ဒုတိယစစ်ဦးစီချုပ် အပါအဝင် ရဲဘော် (၄) ဦး ကျဆုံးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲအတွင်း ကလေးမြို့နယ်တနေရာတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ဒုတိယစစ်ဦးစီချုပ်နှင့် ၎င်း၏ကိုယ်ရံတော် ရဲဘော် ၂ ဦးတို့ စောင့်ကြို တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားကြောင်း CNO/CNDF မှ တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် ကလေးမြို့နယ်၊ စက္ကန့်ရွာတိုက်ပွဲတွင် CNO/CNDF အဖွဲ့ ဦးဆောင်သူထဲက ရဲဘော် ဆလိုင်းမန်ပူ ကျဆုံးခဲ့သည်ဟု ဆိုသည်။

CNO/ CNDF အထွေအထွေအတွင်းရေးမှူး Salai William Chin က “ကျနော်တို့ရဲဘော်တွေ အကြီးဆုံးကနေ အငယ်ဆုံး တပ်သားအဆင့်အထိဟာ အားလုံးဟာ မိမိမှာအပိုမပါတဲ့ အသက်တစ်ချောင်းကို ရင်းနှီးပြီးမှ တော်လှန်ရေးတိုက်ပွဲ ဝင်ကြတယ်။ တနေ့နေ့တချိန်ချိန်တော့ ကျနိုင်တယ်။ ရှေ့တန်းမှာသွားရင် ဘယ်သူမဆို ကြုံနိုင်တယ်ဆိုတာသိပြီးတော့ ဒီတော်လှန်ရေးကို ဆင်နွှဲရတာ ဖြစ်တဲ့အတွက်ကြောင့် ဆုံးရှုံးတာတောင် အခုထိ စကားလုံးကို ဘယ်လိုဖော်ထုတ်ရမလဲဆိုတာ လုံးဝမသိသေးတဲ့ အနေအထားအထိ ခံစားရတယ်” ဟု ပြောသည်။

ဆက်လက်ပြီး “အလားတူပဲ ကျနော်တို့ရဲ့ ဒုစစ်ဦးစီးချုပ် ဖြစ်တဲ့အတွက်ကြောင့် ကျန်တဲ့ရဲဘော်တွေလည်း တော်တော်ကို ဝမ်းနည်းကြေကွဲကြပါတယ်။ ကျနော်တို့ ဒီသူ့ရဲ့ခေါင်းဆောင်ပီသစွာ ရဲရဲဝင့်ဝင့် အသက်ပေးသွားတဲ့ အတွက်ကြောင့် ကျနော်တို့ဟာ နောက်ဆုတ်တဲ့ စိတ်ဓါတ်ကျတဲ့အပိုင်းထက် ပိုပြီးမှ VCS နဲ့ အပေါင်းအပါအတွက် ပိုပြီးမှ ပြင်ဆင်မှုကောင်းစွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်။ CNO/CNDF နဲ့ ကျန်ရစ်သူမိသားစုအတွက် စိတ်မကောင်းဖြစ်တဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အကောင်းဆုံးနဲ့ ပြန်လာခဲ့ပါမယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

CNO/CNDF ဒုတိယစစ်ဦးစီချုပ် ဆလိုင်းဒေးဗစ်နယူး (ခ) Joshua ၊ ရဲမေ ရွှေနွန်ကိမ် (ခ) A Nge နှင့် ရဲဘော် အာမောစ်ဗန်နိုက်လျန် (ခ) Amos တို့သည် ကလေးမြို့နယ် မှန်တောကျေးရွာအနီး တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

ရဲဘော်ဆလိုင်းမန်ပူသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စက္ကန့်ကျေးရွာ တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် ပျူစောထီးဘက်မှ ထိခိုက်ကျဆုံးမှု များပြားသကဲ့သို့ တောင်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here