ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်လေးခုတွင် စစ်ဘေးရှောင်ဦးရေ နှစ်ပတ်အတွင်း ၅ သောင်းကျော် ရှိလာ

0
251
ပုံစာ - စစ်ဘေးရှောင်ဒဏ်ရာရရှိသူတစ်ဦးကို ကူညီပို့ဆောင်နေစဉ်။ (Photo – CIDKP)

ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်လေးခုတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ မှ မတ်လ ၂၆ ရက်နေ့ အထိ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ဘေးရှောင် ၅ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်နေသည့် BNI-Myanmar Peace Monitor (MPM) ၏ မှတ်တမ်းများအရ သိရသည်။

ကရင်၊ ကချင်၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတွင် နှစ်ပတ်တာကာလအတွင်း နေရပ်တိမ်းရှောင် နေထိုင်ရသည့် စစ်ဘေးရှောင် ၅၀,၆၅၁ ဦး ရှိသည့်အနက် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသော ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် စုစုပေါင်းစစ်ဘေးရှောင် ၄ သောင်းဖြင့် အများဆုံး ဖြစ်နေကြောင်း BNI-MPM ၏ စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်တပ်ကအာဏာသိမ်းယူချိန်မှစ၍ လက်ရှိအချိန်ထိ တော်လှန်ရေးအရှိန်ရလာသည်နှင့်အမျှ ဒေသတွင်းရှိ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များ၏ စစ်ရေးနယ်ပယ် ကျယ်ပြန့်လာသလို စစ်ကောင်စီက ပြည်သူလူထုအပေါ် ထင်ရှားစွာ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းတို့ကြောင့် စစ်ဘေးရှောင်အရေအတွက်သည်လည်း တိုးပွားလာ နေခြင်းဖြစ်ကြောင်း စစ်ရှောင်အရေးအကူအညီပေးနေသူများ၏ သုံးသပ်ပြောဆိုမှုအရ သိရသည်။

တိုက်ပွဲများကြောင့် လနှင့်ချီစစ်ရှောင်နေရသည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နေ ဒေသခံတစ်ဦးက “ကျနော်တို့ရွာကလူတွေလည်း ဟိုတောရောက် ဒီတောင်ရောက်ပါပဲ။ ဒီဘက်မှာက လယ်သမားတွေဆိုတော့ ရတဲ့ဈေးနဲ့ ပေးတဲ့ဈေးနဲ့ စပါးရောပဲရော ရောင်းထုတ်ပစ်ရတယ်။ ဈေးကတော့ နှိမ်ခံရတာပေါ့။ ကျနော်တို့ဘက်မှာ မပြေးရတဲ့ရွာက ခပ်ရှားရှားပဲ။ အသံလေးကြားရင် စစ်ရှောင်တဲ့နေရာမှာ အသာလေးငြိမ်နေလိုက် အသံတိတ်ရင် ထွက်လိုက်ပေါ့” ဟု ပြောပါသည်။

ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်သည့် တပ်မဟာ (၃) နယ်မြေအတွင်း ရှိသလို KNU နယ်မြေအတွင်းရှိ စစ်ဘေးရှောင် ၇ သိန်း ကျော်အနက် စစ်ဘေးရှောင်အရေအတွက် အများဆုံးသော ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ်တစ်ခုလည်း ဖြစ်သည်။

ထို့အတူ နှစ်ပတ်တာကာလတွင် KNU ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သော ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် အကြမ်းဖက်မှုကြောင့် ၉,၂၅၁ ဦးသည် စစ်ဘေးတိမ်းရှောင်နေရပြီး၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင် ၁,၄၀၀ ဦး ရှိကြောင်း BNI-MPM ၏ မှတ်တမ်းအရ သိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA Myanmar ကလည်း မြန်မာနိုင်ငံအနှံ့ စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူ ၃ သန်း နီးပါး ရှိလာဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားသလို လူသားချင်းစာနာမှုအကူအညီပေးရန် ရန်ပုံငွေလိုအပ်ချက်ရှိကြောင်း ထည့်သွင်းဖော်ပြထားပါသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here