ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနိုးကူး ကရင်နီစစ်ဘေးရှောင်စခန်းတွင် ကျောင်းအဆောက်အအုံ လုံလောက်မှု မရှိသည့် အပြင် အခြား ကျောင်းအသုံးအဆောင် ပစ္စည်းများလည်း လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံက ပြောသည်။
ဒေါနိုးကူ ကရင်နီ စစ်ရှောင်စခန်းထဲတွင် ကျောင်းအဆောက်အအုံ အပြင် ကျောင်းသူ/ကျောင်းသားများအတွက် ထိုင်ခုံ၊ စားပွဲ၊ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် ပေတံ၊ ခဲဖျက် အစရှိသည့် ကျောင်းသုံးပစ္စည်းများ လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံ ခူးပလဲရယ်က ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဒေါနိုးကူး စစ်ဘေးရှောင်စခန်းတွင် ကျောင်းသူကျောင်းသားဦးရေ ၅၀၀ ခန့်သာ ရှိရာမှ ယခုနှစ်တွင် ကျောင်းသားဦးရေ ၁၀၀၀ ကျော် အထိ ရှိလာသည့်အတွက် လိုအပ်မှုများမှာ အရင်နှစ်ကထက် ပိုပြီး များလာရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“စိန်ခေါ်မှု အကြီးဆုံးက အဆောက်အအုံပေါ့နော်။ အဆောက်အအုံက မပြီးသေးဘူး။ လုပ်နေတုန်းပဲ လုပ်နေ တုန်းတောင်မှ မပြီးနိုင်သေးဘူးပေါ့။ အဓိက စိန်ခေါ်မှု အကြီးကြီးကတော့ အဆောက်အအုံပေါ့ ကျောင်းအ ဆောက်အအုံပေါ့နော်။ တခြားဆိုတော့ ကျနော်တို့ ရေတွေ ကျနော်တို့ ကလေးတွေ အိမ်သာတက်ဖို့အတွက်ရော ဒီအိမ်သာတွေလည်း လိုတယ်ပေါ့နော်။ ထိုင်ခုံတွေရော ပြင်ဆင်ရမှာက စာအုပ်တွေလည်း မလုံလောက် သေးဘူးပေါ့နော်။ သူတို့ ဖတ်စာအုပ်ပဲ ဖြစ်ဖြစ်ပေါ့နော်” ခူးပလဲရယ်က ပြောသည်။
ထို့အပြင် ကျောင်းအိမ်သာအတွက် ရေတိုင်ကီလည်း လိုအပ်နေသည်ဟု ဆိုသည်။
လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများပေါ် မူတည်၍ ဖွင့်လှစ်နေရသည့် ကျောင်းဖြစ်သောကြောင့် ခက်ခဲမှု များစွာ ရှိနေသည်ဟု ဒေါနိုးကူး စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးကော်မတီရုံး စီမံရေးမှူး ခွန်းရောဘတ်က ပြောသည်။
“အခက်အခဲတော့ အများကြီး ရှိနေတုန်းပဲနော်။ အခက်အခဲရှိတယ်ဆိုတာက စစ်ရေး အခြေအနေကြောင့်ရယ် ပြီးလို့ရှိရင် ဒီမှာ နေရာထိုင်ခင်းကြောင့်ပေါ့နော်။ ပြီးလို့ရှိရင် စာသင်ကျောင်း ဆောက်လုပ်နေဆဲဖြစ်တဲ့ အခါကြတော့ အခက်အခဲတော့ အများကြီးရှိတယ်။ အဲ့ဒါလည်း ခက်ခဲတယ်၊ စာအုပ်တွေက အစပေါ့နော်။ ဒီ Text Book တွေက အစ ပြီးလို့ရှိရင် ဒီဘာသာစုံကအစ သူတို့မှာ လိုအပ်နေတယ်။ အခက်အခဲရှိတယ်” ခွန်းရောဘတ်က ဆိုသည်။
ဒေါနိုးကူး စစ်ဘေးရှောင်စခန်းကို စစ်ဘေးရှောင်လာသူများထဲတွင် အုပ်ထိန်းသူ၊ မိဘများ ပါမလာသည့် ကျောင်းသူကျောင်းသားများလည်း ရှိနေပြီး ၎င်းတို့ နေထိုင်ရန်အတွက် ဘော်ဒါဆောင် လိုအပ်မှုလည်း ရှိနေသည်ဟု ဒေါနိုးကူး စစ်ဘေးရှောင်စခန်း ကျောင်းတာဝန်ခံက ပြောသည်။
ကျောင်းသူကျောင်းသားများအတွက် လိုအပ်နေသည့် ကျောင်းဘော်ဒါဆောင်ကို ကူညီဆောက်လုပ်ပေးဖို့ တောင်းဆိုသည်ဟု ကျောင်းတာဝန်ခံ ခူးပလဲရယ်က ဆက်ပြောသည်။
“အကူအညီပေးရေးအဖွဲ့က သူတို့ လာထောင်ပေးရင်တော့ ကောင်းတာပေါ့နော့။ဘော်ဒါဆောင် လာဖွင့်ပေးရင် တော့ ကောင်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တချို့လူက တကယ် အခက်အခဲရှိတယ်လို့ ကျနော်က မြင် တာပေါ့။ အဓိကက တချို့က မိဘမပါလာတဲ့ သူတွေရှိတယ်လေ။ သူတို့ အဒေါ်တို့ ဦးလေးတို့နဲ့နေတဲ့ လူတွေလည်း ရှိတယ်ပေါ့နော့။ တချို့က အဲလိုလိုက်ကပ်နေတဲ့အခါကျတော့ သူတို့က ဝင်ငွေ မရှိဘူးဆိုတော့ သူတို့ အတွက်တော့ အခက်အခဲဖြစ်မှာပဲ။ နောက် စာကျက်တာပဲဖြစ်ဖြစ် သူတို့စားသောက်တာပဲဖြစ်ဖြစ် ပေါ့နော့” ဟု ၎င်းက ဆိုသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါလျားခူ ကျေးရွာမှ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းကို တိမ်းရှောင်လာသည့် ဒေါ်လှလှဝင်းက ကလေးများ၏ ကျောင်းပညာရေးအတွက် စိုးရိမ်စရာ မရှိသော်လည်း အခြားသော လိုအပ်မှုများ ရှိနေသည်ဟု ပြောသည်။
“ရွာမှာ နေတာထက်စာရင် သူတို့ ပညာရေး ကျောင်းတက်ရတယ်။ ဒါပေမယ့် ကျောင်းမှာဆိုပေမယ့် ကျမတို့က ဒီမှာလည်း ဘာအလုပ်အကိုင်မှ မရှိတဲ့ အခါကျတော့ အခက်အခဲ ရှိတယ်။ သူတို့ အင်္ကျီတွေ သူတို့ဖိနပ်က အစပေါ့နော် မဝယ်ပေးနိုင်ဘူး” ဒေါ်လှလှဝင်းက ပြောဆိုသည်။
ဒေါနိုးကူး စစ်ဘေးရှောင်စခန်း အထက်တန်းကျောင်းတွင် သူငယ်တန်းမှ ၁၀ တန်းအထိ တက်ရောက် ပညာသင်ယူနေသည့် ကျောင်းသားကျောင်းသူ ဦးရေ ၁၀၇၀ ကျော် ရှိပြီး ၂၀၂၃ စာသင်နှစ်အတွက် ကျောင်းကို ယခုနှစ် ဇွန်လ ၁၂ ရက်က ပြန်ဖွင့်လှစ်လိုက်သည်။
ကျောင်းပြန်ဖွင့်လိုက်ပြီ ဖြစ်သော်လည်း အစစအရာရာ လိုအပ်မှုများ ရှိနေသေးသည့်အတွက် အလှူရှင်များ အနေဖြင့် တတ်နိုင်သည့်ဖက်မှ ကူညီထောက်ပံ့ပေးကြရန် တောင်းဆိုသည်ဟု ကျောင်းသားမိဘများနှင့် စခန်းတာဝန်ခံများက ပြောသည်။
NMG ပေးပို့သည်။