ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်း တရားဝင်ကြေညာ

0
245
ပုံစာ - ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC) ကို ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၁၂ ရက် တရားဝင်ကြေညာ ထုတ်ပြန်လိုက်သည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို စုပေါင်းခေါင်းဆောင်မှုများနှင့် ကြားကာလ ပြည်နယ်အစိုးရ တစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းက အင်အားစုအသီးသီးနှင့် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ၏ နိုင်ငံရေး ဦးဆောင်မှုနှင့် မူဝါဒလမ်းညွန်ချက်များအတိုင်း ၂၀၂၃ ဇွန်လ ၆ ရက်က အဖွဲ့ဝင် ၆ ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

IEC ဥက္ကဌ ခူဦးရယ်က “ကျနော်တို့ အမျိုးသား ကရင်နီလူငယ်တွေ အပါအဝင် နိုင်ငံတဝှမ်းက လူငယ်သားကောင်း ရတနာလေးတွေဟာ ဒီစစ်အာဏာရှင် စနစ်ဆိုးကြီး ချုပ်ငြိမ်းရေးအတွက် ကြမ်းတမ်းတဲ့ တောတောင်လျှိုမြောင် တွေထဲမှာ ဒုက္ခဆင်းရဲခြင်းတွေကို အံကြိတ်ခံရင်း မိမိတို့အနာဂါတ်အတွက် ရဲရဲရင့်ရင့် တိုင်ပွဲဝင်နေကြတာကို အသိအမှတ်ပြု ဂုဏ်ယူရသလို၊ တစ်ဖက်မှာတော့ ဒီတော်လှန်ရေးကြီးထဲမှာပဲ အဆုံးမသိ ကာလရှည်စွာ နစ်မျောပြီး မိမိတို့ဘဝအိမ်မက် မျှော်လင့်ချက်ပန်းတိုင်များ ပျောက်ဆုံးသွားတာမျိုးကိုလုံး၀ မဖြစ်စေချင်ပါဘူး။ ဒီအချက်တွေကြောင့် စိန်ခေါ်မှုပေါင်းမျာစွာ ကြားကနေပဲ ဒီအုပ်ချုပ်ရေးကောင်စီကို အစပြုလိုက်ရတာလည်း ဖြစ်ပါတယ်” ဟု မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသည်။

IEC အနေဖြင့် တော်လှန်ရေးအင်အားစုများကို ဆက်လက်စုစည်းပြီး လူထုကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်သလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ရဲဌာန၊ အကျဉ်းထောင်တို့ကို စနစ်တကျ စီမံခန့်ခွဲပြီး ကရင်နီပြည်အတွင်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်တွင် ပါရှိသည်။

ပြည်နယ်အတွင်းနဲ့ ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သစ်သို့ အသွင်ကူးပြောင်းနိုင်ဖို့ အင်အားစုတွေနဲ့ လက်တွဲသွားမှာဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကရင်နီပြည်အစိုးရသစ် ပေါ်ပေါက်လာတဲ့ အချိန်ကာလမှာ IEC ကို သတ်မှတ်ပြဌာန်းထားသည့် ကာလသက်တမ်းနဲ့အညီ ရုတ်သိမ်းမှုများ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါသည်။ ယင်းအပြင် အင်အားစုများဖြင့် ပူးပေါင်းပြီး ယိုယွင်းပျက်စီးနေသည့် တိုင်းပြည်ရဲ့ အခြေအနေအဝဝကို အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာစေဖို့ ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ပါရှိသည်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကရင်နီပြည်နယ် သို့မဟုတ် ကရင်နီပြည်ပေါ့၊ နွေဦးတော်လှန်ရေးအတွင်းမှာ အထူးခြားဆုံးသော ဝိသေသနတွေနဲ့ ပြည့်စုံနေတဲ့ ပြည် သို့မဟုတ် ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ အခုလည်း ကရင်နီပြည်နယ်ရဲ့ ခုခံတော်လှန်ရေးစစ်ဟာ ပြည်နယ်ဧရိယာနဲ့ မမျှအောင် သာလွန်ကြီးမားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကရင်နီပြည်သူတွေနဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်းနဲ့ ကရင်နီပြည်က အရေးတော်ပုံ တပ်သားတွေရဲ့ ရဲရင့်မှုဟာ အင်မတန် အံ့ဩစရာကောင်းလှပါတယ်” လို့ ကောင်စီ တရားဝင်ကြေညာခြင်း အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ကောင်စီတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခူဦးရယ်က ဥက္ကဌ အဖြစ်တာဝန်ယူထားပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးက ဒု–ဥက္ကဌ အဖြစ် တာဝန်ယူထားသည်။ အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလုရယ်၊ အတွင်းရေးမှုး – ၁ အဖြစ် မဇူးပဒုမ္မာ၊ အတွင်းရေးမှုး – ၂ အဖြစ် ဗညားခွန်းအောင် ၊ ဘဏ္ဍာရေးမှုးအဖြစ် မော်ဖိုးမြာ က တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။

IEC တွင် ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ဌာန ထားရှိသွားဖို့ ရည်မှန်းထားပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီက ချမှတ်ထားသည့် မူဝါဒလမ်းညွန်ချက်တွေအတိုင်း ပြည်နယ်၏ အခွန်ဘဏ္ဍာငွေတွေကို စနစ်တကျ စီမံခန့်ခွဲပြီး ဝန်ထမ်းနှင် ပြည်သူတွေရဲ့အကျိုးကို ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားကြောင်း ကြေညာချက်အရ သိရသည်။

IEC အတွင်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများ၊ တတ်သိပညာရှင်များ၊ ပြည်သူလူထုတစ်ရပ်လုံး၏ ဝိုင်းဝန်ပံ့ပိုးမှုနှင့် လက်တွဲဆောင်ရွက်နိုင်ဖို့ အထူးဖိတ်ခေါ်တယ်လို့ ကြေညာချက်တွင် ရေးသားထားသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here