ကရင်နီပြည်အတွင်း တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်၊ စစ်သုံ့ပန်းနဲ့ မူးယစ်ဆေးဝါးအမှု အများဆုံးဖြစ်

0
285
Photo - IEC

ကရင်နီ (ကယား) ပြည် ကြားကာလပြည်သူ့အုပ်ချုပ်ရေးကောင်စီ (IEC) ၏ တရားရေးဌာနက ပြည်နယ်တွင်း တရားရုံးများကို ဖွင့်လှစ်ထားပြီး တရားစီရင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိဖွင့်လှစ်ထားသည့် တရားရေးဌာနများ၌ ဒေသခံပြည်သူများက ၎င်းတို့ကြုံတွေ့နေရသည့် အမှုများကို လာရောက် တိုင်ကြားမှုတွေရှိနေပြီ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိစီရင်နေသည့် အမှုများထဲတွင် စစ်သုံ့ပန်း၊ မူးယစ်ဆေးဝါး စသည့် အမှုများက အများဆုံးဖြစ်ကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်း ကြားကာလ အစီအမံက အတည်ပြုထားသည့် ဥပဒေအတိုင်း စီရင်အမိန့်ချ ထားသည်ဟု IEC ၏ တရားရေးဌာနထံက သိရသည်။

IEC ၏ တရားရေးဌာန ဌာနမှူး ခူတော်ရယ်အက်စ်က “ပြည်နယ်တရားရုံးချုပ် ရှိတယ်။ ဗဟိုတရားရုံးပေါ့နော။ ကရင်နီပြည်အတွက် ပြီးရင် ခရိုင်တရားရုံးတစ်ခုနှစ်ခုရှိပြီ။ တစ်ရုံး နှစ်ရုံးပေါ့နော။ ပြီးရင် မြို့နယ်တရားရုံးက အားလုံးပေါင်း ၅ ရုံး ရှိသွားပြီ။ မြို့နယ်တရားရုံးက ရှိနှင့်ပြီးသားပေါ့နော” လို့ ပြောပါသည်။

တရားရေးဌာနတွင် ကိုယ်ပိုင်အကျဥ်းထောင်ရှိနေသော်လည်း အမှုစီရင်ဆဲကာလတွင် ကရင်နီပြည်ရဲဌာန (KSP) ၏ အချုပ်ထောင်ထဲ၌ ထားရှိသည်ဟု ဆိုသည်။ မြို့နယ်နှင့် ခရိုင်အလိုက် တရားစီရင်ရေးရုံးများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံလူထုအနေဖြင့် အမှုများကို သက်ဆိုင်ရာ ကျေးရွာ၊ ကော်မတီများထံကို တိုင်ကြားနိုင်သလို ရဲစခန်းများကနေ တဆင့်လည်း တိုင်ကြားနိုင်သည်ဟု ဆိုပါသည်။ လက်ရှိတွင် စတင်ဖွဲ့စည်းချိန် ဖြစ်နေသည့်အတွက် လိုအပ်ချက်များ ရှိနေသေးတယ်ဟု ခူးတော်ရယ်အက်စ်က ပြောပါသည်။

“လောလောဆယ်ကတော့ လိုအပ်ချက်တွေက လိုအပ်သလောက် ဖြည့်ဆည်းတည်ဆောက်နိုင်တာမျိုးတော့ မဟုတ်ဘူး။ ရှိထားပြီ တိုင်ကြားလို့ ရတယ်။ နှောင့်နှေးတာမျိုးတို့ ဥပမာတဖက်က ပြည်သူလူထုက သူမြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေနဲ့ ဖြစ်စေချင်တဲ့ ပုံစံမျိုးကတော့ ကျနော်တို့ မတတ်နိုင်သေးဘူး။ နောက်ထပ် တဖြည်းဖြည်းဖြစ်လာဖို့ ကြိုးစားနေတယ်” ဟု ခူးတော်ရယ်အက်စ်က ဆိုသည်။

တရားစီရင်ရေးအတွက် လိုအပ်သည့် ရှေ့နေ၊ တရားသူကြီးများ ထားရှိနိုင်ရန် အခြေခံတရားစီရင်ရေးဆိုင်ရာ ၂ လ တာ သင်တန်းကို ခေါ်ယူသင်ကြားခဲ့ကြောင်း IEC ၏ တရားရေးဌာနထံက သိရသည်။

ယင်းသင်တန်း တက်ရောက်ပြီးမြောက်ခဲ့သည့် သင်တန်းသား ၃၉ ယောက်ကို ကရင်နီပြည်တွင်း တရားစီရင်ရေး နှင့် ပတ်သက်ပြီး လိုအပ်သည့်နေရာတွင် ပြန်လည်တာဝန်ထမ်းဆောင်စေရန် ရည်ရွယ်ထားသည်ဟုလည်း ဆိုသည်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်း ပျက်စီးယိုယွင်းနေပြီး အရေးယူ အပြစ်ပေးမှု ကင်းမဲ့နေသည့် အခြေအနေများကို ပြန်လည်တည့်မတ်ပေးချင်သည်ဟု အဆိုပါသင်တန်းကို တက်ရောက်ခဲ့သည့် သင်တန်းသူ တစ်ဦးက ပြောပါသည်။

“ဥပဒေစိုးမိုးမှု အထူးလိုအပ်တယ်ပေါ့နော။ အဲဒါတွေကို ဖြေရှင်းဖို့ဆို ဒါက ဒီတရားစီရင်ရေး ကျမတို့က ဒီမိုကရေစီကို ဦးတည်နေတဲ့အတွက် တရားမျှတဖို့ ဆိုတာကလည်း လိုအပ်တယ်လေ။ ဒီလိုခိုးမိတဲ့ တရားခံ တစ်ယောက်ကို သူ့မှာလည်းတရားခံဆိုတာ တရားခံအခွင့်အရေးရှိတဲ့အလျောက် ကျနော်တို့ တရားစီရင်ရေး ကနေပြီးတော့ ဒီလိုတရားခွင်ရဲ့ အခွင့်အရေးမဆုံးရှုံးအောင် အဟန့်အတားတစ်ခုဖြစ်အောင် ဥပဒေအတိုင်းပဲ ဥပဒေနဲ့ ပြန်လည်ထိန်းကျောင်း တည့်မတ်ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါသင်တန်း ပြီးမြောက်ထားသူများနှင့် မြို့နယ်အလိုက် တရားရုံးများကို ထပ်မံဖွင့်လှစ်သွားမည်ဟုလည်း IEC ၏ တရားရေးဌာနထံက သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here