ကရင်နီပြည်အတွင်း စိုက်ပျိုးမြေ သုံးရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်တဲ့အတွက် ရိက္ခာအခက်အခဲဖြစ်လာမှာကို စိုးရိမ်ရ

0
311
ပုံစာ - ဆန်ရိက္ခာအခက်အခဲဖြစ်လာမှာကို စိုးရိမ်ကြရ။

ကရင်နီ (ကယား) ပြည်ရှိ ဆန်စပါးများ အဓိကထွက်ရှိရာ နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ အာဏာမသိမ်းခင်ကာလက စိုက်ပျိုးနိုင်ခဲ့တဲ့ဧရိယာရဲ့ သုံးရာခိုင်နှုန်းလောက်ကိုသာ စိုက်ပျိုးထုတ်လုပ် နိုင်တာကြောင့် ရေရှည်စားနပ်ရိက္ခာတွေအတွက် စိုးရိမ်ရတယ်လို့ ကရင်နီစစ်ရှောင်ကူညီရေးအသင်းရဲ့ အသင်းဝင်တစ်ဦးက ပြောသည်။

“ပြန်စိုက်ပျိုးဖို့က အရမ်းခက်ခဲတယ်။ ပြန်မစိုက်ရတဲ့ ပြည်သူတွေနေတဲ့ တချိုစစ်ရှောင်တွေလည်း အလှူရှင်တွေလည်း မရောက်တဲ့နေရာလည်း များတယ်။ လယ်ယာတွေက စစ်ဖြစ်တဲ့နေရာနဲ့နီးလို့ ပြန်လုပ်လို့ ဆင်မပြေဘူး။ ပုံမှန် စိုက်ပျိုးလို့ရနိုင်တဲ့နေရာတွေက အခုချိန်ကတိုက်ပွဲဧရိယာတွေလို့ ပြောလို့ရတာ‌ပေါ့။ စိုက်ပျိုးလို့မရတော့ အခြားနေရာကနေ လမ်းကြေးပေးပြီး ဒီဖက်လာရောင်း စျေးတင်ရောင်း စျေးက ပိုတက်သွားဗျ။ လက်ရှိဆို တော်တော်လေးနည်းလာတယ်ဗျ၊ စိုက်ပျိုးလို့ရတဲ့နေရာက သုံးရာခိုင်နှုန်းလောက်ပဲ ရတော့မယ်ဗျ” လို့ ကရင်နီစစ်ရှောင်ကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောပါသည်။

ကရင်နီပြည်တွင် စစ်ကောင်စီကအာဏာသိမ်းယူပြီးနောက်ပိုင်း ဒေသတွင်း စစ်ရှောင်လူဦးရေ ၂ သိန်းခွဲရှိလာပြီး၊ စစ်ရှောင်အများစုဟာ အလှူရှင်ရဲ့ ပံ့ပိုးမှုကိုသာ မှီခိုနေရကြောင်းနှင့် ဆန်စပါးအဓိက စိုက်ပျိုးထုတ်လုပ်နေတဲ့ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အများဆုံး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကရင်နီစစ်ရှောင်ကူညီရေးအသင်းမှ သိရသည်။

စစ်ရှောင်ရင်း တနိုင်တပိုင် စိုက်ပျိုးမှုလည်း ရှိနေပေမဲ့ စိုက်ပျိုးနိုင်တဲ့ မြေနေရာအခက်အခဲနဲ့ စစ်ရှောင်ရသူဦးရေ မမျှတတာကြောင့် စားနပ်ရိက္ခာများ ဖူလုံမှုမရှိဘူးလို့ ကရင်နီစစ်ရှောင်ကူညီရေးအသင်း၏ ပြောဆိုမှုအရ သိရသည်။

“အဓိက ကတော့ တိုက်ပွဲကြာရှည်လာတာနဲ့အမျှ အလှူရှင် ရှားပါးမှုကို ကြုံလာရတာပေါ့နော်။ ပြီးတော့မှ ဒီရိက္ခာ ပြတ်လပ်မှုတွေလည်း ကြုံလာတာ ပိုများလာတယ်။ နောက်ပြီးမှ ကုန်စျေးနှုန်းတွေ တက်လာတယ်။ ပြီးတော့ နောက်တခုက လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာတယ်ပေါ့နော်။ အဆိုးဆုံးက ကျနော်တို့ပြည်နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး မလုပ်နိုင်တဲ့အတွက်ကြောင့်ပါ” လို့ ကရင်နီပြည်စစ်ရှောင်ကူညီရေး အသင်းဝင်တစ်ဦးက ပြောဆိုသည်။

ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ စစ်ရှောင်လူဦးရေ ၁ သိန်းခွဲ အတွက် တစ်လတာ ဆန်ရိက္ခာကုန်ကျမှုမှာ ဆန်အိတ်ပေါင်း ၅ သောင်းအထိရှိနေပြီး၊ အဲဒီလို ဆန်ရိက္ခာပမာဏကို ရရှိနိုင်ဖို့က အလှူရှင်တွေကို အဓိကထား မှီခိုနေရဆဲ ဖြစ်တယ်လို့ ဖော်ပြထားသည်ကို တွေ့ရသည်။

ကရင်နီစစ်ရှောင်များကို ကူညီနေသည့် CTER အဖွဲ့က မော်သဲမာက “တတ်နိုင်သလောက်တော့ သူတို့ စိုက်ကြတယ်။ သူတို့ စိုက်ပျိုးကြတယ်။ ဥပမာ သူတို့နေတဲ့ တဲနားမှာတို့ပေါ့နော်၊ ဒါပေမဲ့ အများကြီး ကျယ်ကျယ်ပြန့်ပြန့်တော့ မလုပ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် တချို့ကလုပ်ပြီးတော့ ပြန်ပြေးနေရတယ်လေ။ ကျည်ဆံကျတာတို့ လက်နက်ကြီးကျတာတို့ ပြီးတော့ လေယာဉ်လာကြဲတာတို့ဆို သူတို့ ခဏခဏ ပြေးရလို့ပေါ့ နော်၊ အဲ့လိုအခြေအနေတော့ ရှိတယ်။ တော်တော်များများက သူတို့မစိုက်နိုင်ဘူးပေါ့နော်။ သူတို့ စိုက်ပြီးတော့ သီးနှံတွေပွင့်‌တော့မဲ့အချိန်မှာ သူတို့ အဲ့မျိုး ပြန်ပြေးရတာမျိုးတို့ ခဏခဏကြုံရတယ်ပေါ့နော် စစ်ရှောင်တွေက” ဟု ပြောပြသည်။

လက်ရှိတွင် စစ်ရှောင်စခန်းများမှာ ဆန်ရိက္ခာ ပြတ်လပ်မှုတွေ မကြာခဏ ကြုံတွေ့နေရပြီး ထမင်းလျော့စား နေရတဲ့ စစ်ရှောင်စခန်းတွေ ရှိနေသလို၊ အစာအာဟာရ ပြည့်ဝအောင် မစားသောက်နိုင်တဲ့ ကလေးတွေမှာ အာဟာရချို့တဲ့မှုတွေကိုလည်း တွေ့နေရတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေဆီက သိရှိရသည်။

“အရင်တုန်းက အာဏာမသိမ်းခင်တုန်းက ကျမတို့တောင်ယာတွေ လယ်ယာတွေ လုပ်လာခဲ့တယ်။ အရမ်းအဆင်ပြေ ခဲ့တာပေါ့‌နော်။ ဒါပေမဲ့ ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျမတို့တွေက လုံးဝ အဆင်မပြေတော့ဘူး ဖြစ်တယ်။ စစ်မြေပြင်တွေက အရမ်းများကြတော့ မစိုက်နိုင်တဲ့နေရာတွေ အရမ်းများတာပေါ့နော်။ ဒါကြောင့်မို့လို့ သုံးပုံတပုံလောက်ပဲ စိုက်နိုင်တယ်လို့ ကျမတော့တွေးတယ်” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါသည်။

ကရင်နီပြည်မှာ လက်ရှိအချိန်ထိ စစ်ရှောင်ဦးရေ ၂ သိန်းခွဲကျော် ရှိနေပြီး ဆန်စပါးအဓိက စိုက်ပျိုး ထုတ်လုပ်နိုင်သည့် ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင်သူဦးရေ အများဆုံး ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးသူများ၏ မှတ်တမ်းများအရ သိရသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here