ကရင်နီပြည် (ကယားပြည်) တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခအတွင်း သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၃ ဦးအထိ ရှိနေကြောင်း ကရင်နီပြည်အတွင်း လက်လှမ်းမီကောက်ယူထားသည့် စာရင်းမှတ်တမ်းများအရ သိရှိရသည်။
အဆိုပါကောက်ယူထားသည့် စာရင်းမှတ်တမ်းသည် စစ်ကောင်စီတပ်က အာဏာသိမ်းယူခဲ့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ ကရင်နီပြည်အတွင်း လက်လှမ်းမီသမျှ ကောက်ယူထားသည့် စာရင်းဖြစ်တာကြောင့် မြေပြင်တွင် လက်ရှိစာရင်းထက် ပိုမိုများပြားနိုင်ပါသည်။
သေဆုံးသွားသည့် ကလေးများသည် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူ ၂၄ ဦး က အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦး နှင့် ဖမ်းဆီးခံရချိန် သတ်ဖြတ်ခံခဲ့ရသည့် ကလေးများလည်း ပါဝင်ပါသည်။ ယင်းအပြင် ထိခိုက်ဒဏ်ရာရခဲ့ကြသည့် ကလေးများလည်း အများအပြားရှိသည်ကို တွေ့ရှိရပါသည်။
ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကလေးများ စာသင်ကြားနေသည့် စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၅ နှစ်အောက် ကျောင်းသား ၄ ဦး သေဆုံးခဲ့ပြီး ရှားတော မြို့နယ်တွင်လည်း စစ်ဘေးရှောင်လာသည့် ဒေသခံ ၇ ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး ပါဝင်ခဲ့ပါသည်။
ထိုဖြစ်စဉ်များကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောဆိုသည်။
“ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းခံရတာပေါ့နော။ ညှင်းပန်းနှိပ်စက်ခြင်းခံရတာလည်း တွေ့နေရတယ်ပေါ့နော။ အဲ့ဒီဟာက ကျူးလွန်တဲ့သူက ရိုးရိုးလူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်တော့ဘဲနဲ့ စစ်ရာဇဝတ်မှုပါ ချိုးဖောက်တာကို တွေ့ရတယ်။ ဘာကိုအခြေခံပြီးပြောလဲဆိုရင်တော့ ကျောင်းတွေ၊ ဆေးပေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေကို မလုပ်ရဘူးဆိုတဲ့ တပ်ပိုင်းဆိုင်ရာ၊ စစ်ပိုင်းဆိုင်ရာအရ ဂျနီဗာကွန်ဗင်းရှင်းမှာလည်း သတ်မှတ်ထားတဲ့ အချက်တွေ ဖြစ်တယ်ပေါ့နော။ Humanitarian law ကိုလည်း ချိုးဖောက်ရာရောက်တယ်” ဟု ဦးဗညားက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်း၌ အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရန်လည်း ကြိုးစားနေတယ်လို့ ဦးဗညားက ဆက်ပြောဆိုသည်။
“သေချာတာတခုကတော့ အရေးယူမှုကတော့ case by case တော့ ပြင်ဆင်ပြီးတော့ သွားဖို့ရှိတယ်ပေါ့၊ သွားလည်း သွားနေပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ကျနော်တို့နိုင်ငံအတွင်းမှာ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက်က ခက်ခဲမှုအများကြီးရှိတယ်။ နိုင်ငံတကာမှာ တင်ပြတောင်းဆိုတဲ့ နေရာမှာ လည်း ထင်သလောက်မပေါက်ဘူးပေါ့။ သို့ပေမဲ့ ကျနော်တို့ခေါ်တဲ့ Accountability တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ကတော့ ဆက်ပြီးတော့မှ ရှိနေမယ်။ ကျူးလွန်တဲ့သူကို စစ်ရာဇဝတ်မှုအရဖြစ်စေ မဟုတ်လည်း လူသား မျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြစ်စေ သို့မဟုတ် နိုင်ငံအတွင်းမှာ ခုနကပြောတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတဲ့ ကိစ္စအောက်မှာ အရေးယူနိုင်အောင် ဆက်ပြီးကြိုးစားနေမှာပါ” ဟု ဦးဗညားက ပြောသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် လူ ၁၈.၆ သန်းသည် အရေးပေါ်အကူအညီများ လိုအပ်နေကြပြီး ယင်းတို့အထဲမှ ၆ သန်းသည် ကလေးများဖြစ်ကြသည်ဟု ဆိုပါသည်။
ကျောင်းနေအရွယ် ကလေး ၄ သန်းသည်လည်း ပညာသင်ကြားရမည့် အခွင့်အရေးကို ဆုံးရှုံးနေရသည်ဟု ပြောဆိုထားပါသည်။
ယင်းတို့အထဲတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးတိမ်းရှောင်နေရသည့် ရခိုင်၊ ကရင်နီ၊ ချင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လူသားချင်းစာနာမှုအကူအညီများ ပိုလိုအပ်နေသည်ဟု ဆိုထားပါသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။