ကရင်နီတွင် လေကြောင်းတိုက်ခိုက်မှုကြောင်သေဆုံးသူ ၁၆ ဦးတွင် ကလေးငယ်များ အများစုပါဝင်

0
177
ပုံစာ - ကရင်နီပြည်ရှိ စာသင်ကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်မှုခံရပြီးမြင်ကွင်း။

ကရင်နီပြည်တွင် ၂၀၂၄ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆ ဦးအထိရှိပြီး အများစုမှာ ကလေးငယ်များဖြစ်သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး – (၂) ဦးဗညားက ပြောဆိုသည်။

“တာဝန်ရှိတဲ့သူတွေကိုယ်၌က ဒီကလေးတွေကို သေဆုံးနိုင်ချေရှိတဲ့ တိုက်ခိုက်မှုတွေကို ကျူးလွန်ခြင်းဟာ ရိုးရိုးလူ့အခွင့်အရေး ချိုးဖောက်ခြင်းမကသေးဘဲနဲ့ သူတို့တွေကနေ တာဝန်ယူရမယ့်၊ စောင့်ရှောက်ရမယ့် အကာအကွယ်ပေးရမယ့်သူကိုယ်၌က ပြန်ပြီးချိုးဖောက်ခြင်းဟာ ပိုပြီးမှကြီးလေးတဲ့ ရာဇဝတ်မှုတွေမြောက်တယ်။ ပိုမိုကြီးမြောက်တဲ့ ကျနော်တို့ လူ့အခွင့်အရေးချိုးဖောက်မှု မြောက်တယ်လို့ အကြမ်းအားဖြင့် ကျနော်တို့ ပြောလို့ရပါတယ်” ဟု ဦးဗညားက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦး၊ ကလေး ၉ ဦးနှင့် အမျိုးသား၊အမျိုးသမီး အတည်မပြုနိုင်သူ ၁ ဦး ဖြစ်သည်ဟု ဆိုသည်။

ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ၆ လအတွင်း ကရင်နီပြည်၌ လူ့အခွင့်အရေး ချိုးဖောက်ခံရပြီးနောက် သေဆုံးခဲ့ရသည့် အရပ်သား စုစုပေါင်း ၄၈ ဦးရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ စာရင်းအရ သိရှိရသည်။

အဆိုပါသေဆုံးသူ ပြည်သူ ၄၈ ဦး အနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ဦး၊ လက်နက်ကြီးထိမှန်မှုကြောင့် ၁၀ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ ဦး၊ ပစ်သတ်ခံရမှုကြောင့် ၁ ဦး၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံရမှု ၇ ဦး၊ မတော်တဆထိခိုက်မှု ၂ ဦး၊ ဖမ်းပြီးသတ်ဖြတ်ခံရမှု ၅ ဦး၊ ဒရုန်းကြောင့် ၁ ဦးနှင့် အာဟာရချို့တဲ့မှုကြောင့် ၂ ဦးဖြစ်ကြောင်း IEC ၏ စာရင်းအရ သိရှိရသည်။

ယင်းအပြင် ၆ လ အတွင်း အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၄၂ ဦးထိရှိပြီး အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၁ ဦး၊ ကလေး ၅၈ ဦး ပါဝင်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သေဆုံးခဲ့သည့် အရပ်သားစုစုပေါင်း ၅၀၉ ဦးထိရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ဇူလိုင် ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကန္တာရဝတီတိုင်း (မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here