ကရင်နီစစ်ရှောင်တွေကိုကူညီဖို့ အဝေးရောက်မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို IEC ဖိတ်ခေါ်

0
301
ပုံစာ - ကရင်နီစစ်ဘေးရှောင်စခန်းတခု

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူဦးရေ ပိုမိုများပြားလာသလို လိုအပ်ချက်မြင့်တက်နေပြီး အဝေးရောက် မြန်မာနိုင်ငံသူ/သားတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပိုမိုကူညီထောက်ပံ့ပေးနိုင်ဖို့ လိုအပ်တယ်လို့ IEC ပြောဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဗညားက “အဝေးရောက် မြန်မာနိုင်ငံသူနိုင်ငံသားတွေဖြစ်စေ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်စေ ဒီအခြေအနေကြီးကို စဉ်းစားပေးစေချင်ပါတယ်။ ဘာဖြစ်လဲဆိုရင်တော့ သူတို့ (စစ်ကောင်စီ) က လမ်းကြောင်းတွေ ပိတ်တယ် စစ်ရေးအရကလည်း ပိတ်မိတဲ့ပုံစံလေး ဖြစ်နေတယ်။ အလွယ်တကူ ရှောင်ရှားနိုင် ပြေးလို့ရတဲ့ နေရာမဟုတ်ဘူး။ Humanitarian (လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ) အဖွဲ့တိုင်းလည်း စိတ်ကြိုက် သွားလို့လာလို့ရတဲ့ နေရာမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့နဲ့ ချိတ်ဆက်ပြီး လုပ်ငန်းလုပ်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်” ပြောဆိုသည်။

ကရင်နီပြည်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ရတာ ၂ နှစ်ကျော်ရှိနေပြီး လက်ရှိအချိန်ထိ စစ်ရှောင်တွေဟာ နေရပ်ပြန်နိုင်ခြင်း မရှိသေးသလို ဇွန်လအတွင်းမှာ ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူဦးရေ ပိုမိုများပြားလာသည်ဟု ကူညီပေးသူများက ပြောသည်။

လက်ရှိမှာ စစ်ရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုလိုအပ်နေပြီး အထူးသဖြင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကာ နေရာထိုင်ခင်း၊ ဆေးဝါး၊ ခြင်ထောင်နှင့် အခြားအသုံးအဆောင် ပစ္စည်းများ လိုအပ်နေသည်ဟု ကူညီပေးသူများက ပြောသည်။

စစ်ရှောင်ကာလ ၂ နှစ်ကျော်အတောအတွင်း ကရင်နီစစ်ရှောင် လူထုအတွက် အလှူငွေတွေကို ပြည်ပရောက် မြန်မာနိုင်ငံသာများဆီက အများဆုံးရရှိခဲ့ပြီး လက်ရှိမှာတွင် အလှူငွေရရှိမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အရင်နဲ့ အခုနဲ့ပေါ့နော အရမ်းကွာသွားတယ်။ အရင်ကဆို တစ်လထဲနဲ့ အလှူရှင်တွေက ၄ဖွဲ့ ၅ ဖွဲ့ ရောက်တဲ့ စစ်ဘေးရှောင်စခန်းတွေ ရှိတယ်။ အနည်းဆုံးကတော့ ၂ ဖွဲ့ ၃ ဖွဲ့ ၁ ဖွဲ့ တစ်လ တစ်လက အဲ့လို ရောက်တယ်ပေါ့နော။ တချို့စစ်ဘေးရှောင်တွေက အလှူရှင်မရောက်တာ ၃ လ ၄ လ ရှိတဲ့ စစ်ဘေးရှောင်တွေ အများကြီး ရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အလှူရှင် အရင်ကနဲ့ အခုနဲ့ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် နည်းလာတယ်ဆိုတဲ့ဟာ ပြောလို့ရတယ်ပေါ့နော” လို့ အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ကာလကြာလာတာနဲ့အမျှ အလှူရှင်ကနေ ကူညီထောက်ပံ့ပေးနိုင်မှုကလည်း နည်းပါးလာသလို စစ်ရှောင်တွေဆီ ရောက်ရှိမယ့် အကူအညီတွေကလည်း စစ်ကောင်စီက ပိတ်ဆို့မှုတွေကြောင့် ကြန့်ကြာမှုတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတွေက ပြောသည်။

စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ ဦးဗညားက အသိပေးပြောဆိုသည်။

ကရင်နီစစ်ဘေးရှောင် လူထုအတွက် ပြည်ပရောက် မြန်မာနိုင်ငံသူ/ သားတွေကလည်း လစဉ်အလှူငွေ ထည့်ဝင် လှူဒါန်းခြင်း၊ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်များ ပြုလုပ်နေကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here