1 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းကရင်နီစစ်ဘေးရှောင်တချို့ စိတ်ဖိစီးမှု၊ အိမ်တွင်းအကြမ်းဖက်မှုများ ခံစားနေကြရ

ကရင်နီစစ်ဘေးရှောင်တချို့ စိတ်ဖိစီးမှု၊ အိမ်တွင်းအကြမ်းဖက်မှုများ ခံစားနေကြရ

ကရင်နီပြည်၊ ဖရူဆိုမြို့ အနောက်ဘက်ရှိ စစ်ရှောင်စခန်းတစ်ခုမှ စစ်ဘေးရှောင်ပြည်သူများ စိတ်ဖိစီးမှုများ ခံစားနေရပြီး အိမ်တွင်းအကြမ်းဖက်မှုများကိုပါ ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသူ များက ပြောသည်။

ဖရူဆိုမြို့အနောက်ဘက် ဟူဘောမြို့နယ်၊ ဟားမူစစ်ရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူများသည် စားဝတ်နေရေး အခက်အခဲတို့ကြောင့် စိတ်ဖိစီးမှုခံစားနေကြရပြီး အိမ်တွင်းအကြမ်းဖက်မှုလည်း နေ့စဉ် ဖြစ်ပွားနေသည်ဟု ဟုဘောမြို့နယ်ထဲက ကေကောအုပ်စုနှင့် ရော်ဒေါ်ခေါအုပ်စုရှိ စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

စေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ဦးက “မိသားစုစားဝတ်နေရေး အဆင်မပြေတော့ လင်မယားစကားများတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ပြီးတော့မှ စိတ်ညစ်တယ်။ ဝမ်းနည်းတယ်။ ဒီမိသားစုက အဆင်ပြေတယ်။ ဘာပြဿနာမှမရှိဘူးလို့ ကိုယ်ကမြင်နေရင်တောင်မှ သူတို့က ရှေ့ရေးအတွက် နှောင်ရေးအတွက် စဉ်းစားရင်းနဲ့ စိတ်ဓာတ်တွေ ကျတယ်ပေါ့….” ဟု ပြောသည်။

ဟူဘောမြို့နယ် ကေကောအုပ်စု၊ ဟားမူစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၅ စု ရှိပြီး အဆိုပါစစ်ရှောင်စခန်းက ပြည်သူများမှာ စိတ်ဖိစီးမူခံစားနေရသည့် အခြေအနေနှင့်ပတ်သက်၍ ဟားမူစစ်ဘေးရှောင်စခန်းက မိခင်တစ်ဦးက ယခုလိုပြောသည်။

စစ်ရှောင်မိခင်တစ်ဦးက “တိုက်ပွဲကြားကနေ ပြေးလာတဲ့ခါကြတော့ စားဝတ်နေရေးအဆင်မပြေတာ တဖက်နော်။ နေရေးထိုင်ရေးကလည်း ကိုယ့်နေရာကိုယ့်ဒေသမဟုတ်တော့ မလွတ်လပ်ဘူးပေါ့လေ။ တစ်ခုခုလုပ်ရင်လည်း ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ အဲ့လိုမျိုး တားမြစ်လာတဲ့ခါကြတော့ စိတ်ဆင်းရဲတယ်” ဟု ပြောသည်။

စိတ်ဖိစီးမှု လျှော့ကျစေရေးအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများ လာရောက်လုပ်ဆောင်ပေးပါရန် စစ်ဘေးရှောင်ပြည်သူများက တောင်းဆိုနေကြသည်။

စစ်ရှောင်များအားကူညီပေးနေသည့် စေတနာ့ဝန်ထမ်းအမျိုးသမီးက “ကျမတို့ အခုဆိုရင် လူငယ်လူကြီးမရွေး စိတ်ပိုင်းဆိုင်ရာတော့ တော်တော်လေး ပြင်းထန်နေကြတယ်။ စစ်ရှောင်တွေကလည်း လာပြီးတော့မှ စိတ်ပိုင်း ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ပေးဖို့ လိုအပ်တယ်လို့ လာပြီးတော့ အကြံပြုကြတယ်ပေါ့နော်။ Psycho social support ပေါ့နော်။ ဒီဟာလေးတွေလည်း နှစ်သိမ့်ဆွေးနွေးပေးဖို့ လိုအပ်တယ်ပေါ့နော်။ အဲ့ဒါမျိုး လူရှိရင်လည်း ကောင်းတယ်” ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဟားမူစစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်ကာလ ၄ နှစ်ကြာရှိပြီဖြစ်သည့်အတွက် အခြေခံစားနပ်ရိက္ခာများ၊ အရေးပေါ် ယားနာပျောက်ဆေး၊ အခြားဆေးဝါးများနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများလုပ်ပေးရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

NMG ပေးပို့သည်။