စစ်ကိုင်းတိုင်း ကန်ဘလူခရိုင်ရှိ စစ်ရှောင်စခန်းများ၌ မြွေကိုက်ခံရသူ များလာကြောင်းနှင့် ယခုလအတွင်း မြွေဆိုး ကိုက်ခံရသူ ၆ ဦး ရှိနေပြီး ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များလည်း လိုအပ်နေသည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက ပြောသည်။
“ရေရှည်ကျတော့ ခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်ဆီဆားတို့ မိုးကာတို့ ဒါတွေ လိုလာတယ်။ နောက် ရေ သောက်ရဖို့ ခက်လာတာမျိုးတွေ ရှိတယ်။ နောက်တစ်ခု အခြေခံဆေးဝါးတွေပေါ့ လိုလာတာ ရှိတယ်။ နောက် အခြေခံ ဆေးဝါးအပြင်ကို ကိုးထောင်ဘို့ရယ် ထန်းကုန်းရယ် ချပ်သင်းတိုက်နယ်တွေရယ် ဒီနေရာတွေက မြွေဆိုး အရမ်းပေါတဲ့ နေရာတွေဖြစ်တော့ မြွေဆိပ်ဖြေဆေး လိုနေတာပေါ့။ အဲ့လို အခက်အခဲတွေတော့ အများကြီး ရှိတာပေါ့” ဟု ၎င်းက ပြောသည်။
ကန့်ဘလူခရိုင်ထဲရှိ ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံများ စစ်ဘေးရှောင်နေရပြီး လူနေအိမ်များလည်း မီးရှို့ ဖျက်ဆီးခံနေရသည်ဟု ဒေသအတွင်း ကူညီပေးနေသူများက ဆိုသည်။
ဇွန်လ ၁၄ ရက်က နေအိမ်များ မီးရှို့ခံနေရခြင်းဖြစ်ပြီး ရွာသားများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက “အဲနေ့က စစ်ကြောင်းက ၃ ကြောင်း ထိုးလာတာကို အဲ့ရွာ ၁၃ ရွာ လောက်က အဲဒီတစ်ရက်တည်းပဲ ရှောင်လိုက်ရတာပေါ့။ ခမရ ၃၆၁ က တစ်ကြောင်းရယ် နောက်တစ်ခုက ကျွန်းလှကနေ ထွက်ခဲ့တဲ့ တစ်ကြောင်းရယ်၊ နောက် ကန့်ဘလူဘက်ကနေ ထွက်ခဲ့တာ စစ်ကြောင်း တစ်ကြောင်းရယ် အားလုံး ၃ ကြောင် ဖြစ်သွားတာပေါ့။ အဲနေ့က ရှမ်းကုန်းရွာ တစ်ရွာပဲ မီးရှို့ခံရတယ်” ဟု ပြောသည်။
ရှမ်းကုန်းကျေးရွာရှိ လူနေအိမ် ၄ လုံးနှင့် စပါးကျီး ၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ၎င်းရွာသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ က လည်း စစ်ကောင်စီနှင့် ပျူစောထီးတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ သည်။
စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ ရှမ်းကုန်းရွာ၊ ကြာတကန်၊ ထန်းပင်ကုန်း၊ ပင့်သာ၊ ချောင်းကြား၊ ဖလား ရ၊ အင်းမ၊ နဂါးပေါ်၊ အုတ်ခင်း၊ ဟင်းဖြူတော၊ ပင်းတဲ၊ အင်ကြင်းစုနှင့် အင်ကြင်းမြိုင် စသည့် ကျေးရွာတို့မှ ပြည် သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလတွင်အထိ ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင်သူ ဦးရေ ၅ သောင်း ကျော် ရှိလာခဲ့ပြီး ကျေးရွာ ၁၇ ရွာမှာလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် စခန်းများ၌ အမြဲတမ်း နေထိုင်သူ ၃ သောင်း ကျော်ရှိပြီး ၂ သောင်းကျော်ခန့်သည့် စစ်ကြောင်းထိုးချိန်၌သာ ထွက်ပြေးနေကြရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက ဆိုသည်။
“အဲမှာစစ်ရှောင်က စစ်ကြောင်းထိုးလို့ ခဏတစ်ဖြုတ်ရှောင်ရတာပေါ့။ တစ်ရက်နှစ်ရက် ရှောင်ရတဲ့ စစ်ရှောင်တွေက ပိုခက်ခဲတဲ့ထဲတော့ မပါဘူးလို့ ပြောလို့ရတယ်၊ ရေရှည် စစ်ရှောင်နေရတာတွေ ရှိတယ်။ အမြဲတမ်းစစ်ရှောင် ခေါ်တယ်ပေါ့။ ရွာထဲမနေဘဲ တောထဲ တဲထိုးပြီးတော့မှ နေရတဲ့တာတွေ ရှိတယ်၊ အမြဲတမ်းစစ်ရှောင်က ၃ သောင်း အထက် ရှိမယ်လို့ ခန့်မှန်းတယ်၊ ပြေးနေရတာက ၂ သောင်းကျော် တကယ်တမ်းဆို ၅ သောင်းအကျော်လောက်မှာ ရှိမယ်” ဟု ၎င်းက ပြောသည်။
မေလအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ကျေးလက်ကျန်းမာရေး ဆေးပေးခန်းနှင့် သရက်ခေါင်း ကျေးရွာရှိ စာသင်ဆောင် ၂ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ် ပြန်ထားသည်။
ကန့်ဘလူခရိုင်အတွင်း ဧပြီလမှ မေလအတွင်း ယခုအချိန်ထိ ထိုးစစ်ဆင်မှုများ၊ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေခြင်းများကြောင့် စစ်ဘေးရှောင်ဦးရေ အရေအတွက် ပို၍ တိုးလာနေသည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
NMG ပေးပို့သည်။