ကန်ပက်လက် ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကြောင်း NUG ထုတ်ပြန်

0
317
ပုံစာ - တော်လှန်ရေးပူးပေါင်းအဖွဲ့များ ( Photo - NUG/ ကာကွယ်ရေးဝန်ကြီးဌာန)

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ ရန်အောင်စေတီကုန်းအနီး စစ်ကောင်စီ နေရာယူထားသည့် ကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။

ယင်းသို့ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ ကင်းစခန်းမှ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက“ နေ့ပိုင်းသွားတိုက်တာပါ။ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ အကုန်အေးဆေးပဲ အထိခိုက်မရှိ ပြန်ဆုတ်လာနိုင်တယ်။ အဲ့က ၂ ကောင် ၃ ကောင် လောက် သေတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ကင်းစခန်းကို ဇူလိုင်လ ၂၂ ရက် ညနေ ၃ နာရီခွဲခန့်က CDF မင်းတပ်၊ CDF ကန်ပက်လက်နှင့် PDF ပူးပေါင်းအဖွဲ့တို့က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် မကွေးတိုင်းအနောက်ခြမ်းနှင့် ချင်းပြည်နယ် လမ်းပိုင်များကို စိုးမိုးထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စိုးမိုးမှု မရသေးကြောင်း သိရသည်။

“ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ကိုယ်နယ်ကိုယ့်ဒေသလောက် ကိုယ်လူတွေပဲ သိနိုင်တယ်လေ။ စကစ က ကောင်တွေက ဟိုအထက်ခိုင်းလို့ သေတွင်းထဲ လာရတာလေ။ ချင်းပြည်နယ်ထဲက ဘယ်စိုးမိုးမှုမှ မရနိုင်ဘူး” ဟု ဒေသခံတစ်ဦးက ဒေသတွင်းတိုက်ပွဲ အခြေအနေများအပေါ် သုံးသပ်ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here