ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့နှင့် ကန်ပက်လက်ကောင်စီတို့ထံမှ သိရသည်။
ကန်ပက်လက်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့သည် ပြည်သူများ၏ ညှိနှိုင်းပေးမှုကြောင့် ဒီဇင်ဘာလ ၂၁ ရက် ည ၁၂ နာရီခန့်တွင် ကန်ပက်လက်မြို့ကို စွန့်စွာသွားသည်ဟု ကန်ပက်လက်ကောင်စီနှင့် CDF – ကန်ပက်လက်တပ်ရင်း – ၇ တို့က သတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့ကို ကန်ပက်လက်ပြည်သူများက ပြန်လည်ထိန်းချုပ်ပြီးဖြစ်ကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်မှု အကျိုးသည် ဒီဇင်ဘာလ ၂၂ ရက်တွင် သက်သေထူခဲ့ပြီဖြစ်ကြောင်း ကန်ပက်လက်ကောင်စီ၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဆိုသည်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ကန်ပက်လက်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရန် ဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ချင်းညီနောင်အဖွဲ့ကလည်း ပြောသည်။
ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “ကျနော်တို့ ကန်ပက်လက်ကိုတိုက်ဖို့ ချဥ်းကပ်ထားပြီး၊ ပြင်ဆင်တာတော့ ကြာပြီ။ ဒီဇင်ဘာ ၂၁ ရက်ညမှာ ဝင်တိုက်ဖို့လုပ်နေတုန်းမှာ စကစတွေ စွန့်ခွာထွက်ပြေး သွားတာပါ။ အခုပြေးသွားတဲ့ စကစတွေနောက် လိုက်နေပါတယ်။ ကျနော်တို့ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူးခင်ဗျ။ မကြာခင် တရားဝင်ထုတ်ပြန်ဖို့ ရှိပါတယ်” ဟု ပြောသည်။
ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး ၁ နှစ် ပြည့်ချိန်တွင် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေး ကို ဒီဇင်ဘာလ ၂၂ ရက်မှာ စတင်ပြီဖြစ်ကြောင်း ပြည်သူလူထုကို ချင်းညီနောင်အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။
“မနက်က ကန်ပက်လက်မြို့ပေါ်က ထိတွေ့တိုက်ပွဲဖြစ်တဲ့ အသံတွေ ကြားရတယ်။ ဆောလောင်းရွာအနီး မှာလည်း တူပီးတပ်ရင်းနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ကန်ပက်လက် ဒေသခံတဦးက ပြောဆိုသည်။
ချင်းညီနောင်နှင့် မဟာမိတ်တပ်များသည် မင်းတပ်မြို့၏ နောက်ဆုံးလက်ကျန် ခလရ ၂၇၄ ကို သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်နိုင်ပြီဟု ဒေသခံများနှင့် သတင်းရင်းမြစ်တချို့က ပြောဆိုသော်လည်း ချင်းညီနောင်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ချင်းညီနောင်အဖွဲ့သည် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၉ ရက်မှ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
၂၀၂၃ ဒီဇင်ဘာလ ၂၂ ရက်တွင် ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေးကို CDF – ကန်ပက်လက်က စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်တွင် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြောင်းလဲသတ်မှတ်ကာ ULA/AA ၏ စစ်ရေးဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ရာ ဧပြီလ ၂၉ ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်တွင် မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်မြို့၊ လိုင်လင်းပီမြို့၊ ကျင်ဒွေးမြို့၊ မကွီးအိမ်နူးမြို့၊ နှာရိန်မြို့၊ ရေဇွာမြို့၊ ဝေဘူလမြို့၊ ဆူခွာမြို့တို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ပလက်၀မြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။
KMG ပေးပို့သည်။