4 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၃၀ ဦးထိရှိလာ

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၃၀ ဦးထိရှိလာ

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ ၂၀၂၅ ဇွန်လထိ သေဆုံးသူ ၂၃၀ ဦးထိရှိခဲ့တယ်လို့ Kachin Human Rights Watch (KHRW) ကနေ သိရပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအထိပါဝင်ပြီး အသက် ၁၈ နှစ်အထက် အမျိုးသားသေဆုံးမှု အများဆုံးဖြစ်ပြီး ဖြစ်စဉ်တွေထဲမှာ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ပိုများတယ်လို့ (KHRW) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့ (Jacob) က KNG ကို ခုလိုပြောပါတယ်။

“ပြည်သူလူထုတွေရဲ့ အသက်လုံခြုံရေးရရှိဖို့အတွက်ကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ မူဝါဒချမှတ်ဖို့ တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ပြည်သူလူထုရဲ့ လုံခြုံရေးကတော့ လုံးဝကို ကင်းမဲ့နေတဲ့ အခြေအနေရှိပါတယ်။ ပြည်သူလူထုတွေ မတရားသတ်ဖြတ်ခံရမှုတွေလည်း ပိုပြီးတော့ များလာပါတယ်” လို့ ဆိုပါတယ်။

KHRW အဖွဲ့ကနေပြီးတော့ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဟာ ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက် အခက်အခဲကြားက ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ကချင်မှာ ၂၀၂၄ ခုနှစ် မတ်လ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးစတင်လာချိန်ကစလို့ တိုက်ပွဲနေရာတွေအပြင် အရပ်သားရှိတဲ့နေရာတွေကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ တိုက်ပွဲမရှိတဲ့ မြစ်ကြီးနားမြို့လိုနေရာတွေနဲ့ ကျေးလက်ဒေသတွေမှာ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေဟာ ဆက်တိုက်ရှိနေတာကြောင့် ပြည်သူတွေဟာ စိုးရိမ်စိတ်နဲ့ ရှင်သန်နေကြရတာဖြစ်ပါတယ်။

“အိမ်မှာဘဲနေနေရင်တောင် ကြောက်နေရ၊ ကြောက်နေရတယ်ဆိုတာက စစ်ကောင်စီတွေရဲ့ လက်နက်ကြီးတွေ အမြဲပစ်လွှတ်နေပြီး နေ့တိုင်းညတိုင်းလို ကြားနေရတော့ နေစရာတောင်မရှိတော့သလိုဘဲ ကိုယ်အိမ်မှာတောင် မလုံခြုံနေတော့” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Myanmar Pace Monitor MPM ရဲ့ စုစည်းထားတဲ့ အချက်အလက်တွေမှာတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၄ နှစ်ကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦးအထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးမှုတွေထဲမှာ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ အရပ်သားဦးရေမှာ လေးနှစ်တာအတွင်း ၄၀၅ ဦးရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားဦးရေကတော့ ၁၄၉ ဦးရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေတွေထဲမှာမှ ၂၀၂၄ ခုနှစ်ကတော့ အဆိုးရွားဆုံးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် စစ်တပ်အာဏာသိမ်း လေးနှစ်တာအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်ဒေသ KIO တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ အနန့်ပါ၊ KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန့်လိုင်ခက် စစ်ရှောင်စခန်း၊ မြို့သစ်ကုန်းလောကျေးရွာတွေမှာ လေယာဉ်ဗုံးကြဲခံရတဲ့အတွက် အရပ်သားအစုပြုံလိုက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမ္မဂအဖွဲ့ (UN) ရဲ့ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိချိန်ထိ အရပ်သားပြည်သူ ၆,၈၀၀ ကျော် သတ်ဖြတ်ခံထားရပြီး လူပေါင်း ၂၂,၀၀၀ ကျော်ဟာ နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

KNG