ကရင်နီ (ကယား) ပြည်အပါအဝင် ရှမ်း – ကရင်နီနယ်စပ်တွင် စစ်ကောင်စီတိုက်ခိုက်မှုအပြင် သဘာဝဘေးကြောင့် သေဆုံးသွားသည့် ပြည်သူ ၁၈ ဦးရှိပြီး ယင်းတို့ထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အများဆုံးပါဝင်သည်ကို တွေ့ရှိရသည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) စာရင်းအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း သေဆုံးခဲ့သူ ၁၈ ဦးအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးဖြင့် အများဆုံးဖြစ်ပြီး လက်နက်ကြီးကြောင့် သေဆုံးသူ ၃ ဦး၊ အခြားသဘာဝဘေးကြောင့် ထိခိုက်သေဆုံးသူ ၃ ဦးတို့ဖြစ်သည်ဟု IEC က ဆိုသည်။
ယင်းအပြင် ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၉ ဦး ၊ လက်နက်ကြီးကြောင့် ၅ ဦးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ၂ ဦး စုစုပေါင်း ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း IEC စာရင်းတွင် ဖော်ပြပါရှိသည်။
အခြားသဘာဝဘေးကြောင့် ထိခိုက်သေဆုံးသူ ၃ ဦးတွင် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တုံးလှိမ့်ကျထိရာကနေ အသက်သေဆုံးသွားတဲ့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနှင့် မိုးကြိုးပစ်ထိရာကနေ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးမှုတို့ ဖြစ်သည်။
ဒေသခံအမျိုးသားတစ်ဦးက “အခုက အကုန်ကြောက်နေရတဲ့ အခြေအနေကြီးလို ဖြစ်နေပြီ။ ဒီနောက်ပိုင်းဆို ငလျင်ဖြစ်ပြီးတော့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတစ်ခုတည်း မဟုတ်တော့ဘူး။ ကြောက်စရာတွေက ငလျင် နောက်ဆက်တွဲရဲ့ သဘာဝဘေးအန္တာရာယ်တွေကိုလည်း ကြောက်နေရတယ်” ဟု ပြောသည်။
စစ်ကောင်စီက ဖယ်ခုံမြို့နယ်အပြင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့ စသည့် မြို့နယ်တို့ကို လေကြောင်း၊ လက်နက်ကြီးတို့နှင့် ဆက်တိုက်တိုက်ခိုက်လျက်ရှိနေသည်။
စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူအိမ်၊ အများပြည်သူပိုင်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိသည့်အပြင် သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ် ၁၅ လုံး ပျက်စီးမှုရှိခဲ့ကြောင်းလည်း IEC စာရင်းအရ သိရသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။