အောင်သာပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့ စီးနင်းတိုက်ခိုက်၊ ပျူစောထီး ၅ ဦးသေဆုံး ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ

0
180
Photo - PDO/PDA

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ အောင်သာပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇူလိုင် ၁၇ ရက် နံနက် ၅ နာရီဝန်းကျင်က စတင်ပြီး ပခုက္ကူမြို့၊ ဘဲကြီးအုပ်စု၊ အောင်သာပျူစောထီးကျေးရွာကို တစ်နာရီကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းတိုက်ပွဲအတွင်း ပျူစောထီး ၅ ဦး သေဆုံးပြီး ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

“သိမ်းခါနီးမှ စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်။ ရန်သူ့ကို ဦးပဲနှိမ်နိုင်ခဲ့တာ၊ ပျူခေါင်းဆောင်ကျော်မောင်က စက်လှေနဲ့ ထွက်ပြေးသွားပါတယ်။ အခု သူတို့ ကြောက်လန့်နေကြပါတယ်” ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ နိုင်ငံရေးတာဝန်ခံ ရဲဘော်လပြည့်က ပြောသည်။

ယင်းတိုက်ပွဲအတွင်း ပျူစောထီးများ သေဆုံးမှုရှိခဲ့ပေမယ့် ကာကွယ်ရေးအဖွဲ့များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အောင်သာကျေးရွာကို ရှင်းလင်းနိုင်ခဲ့သောကြောင့် ပြည်သူများက ပျော်ရွှင်နေကြသည့်အတွက် ယခုတိုက်ခိုက်မှု သည် ပြည်သူများကို ဝမ်းသာပီတိပေးနိုင်သော တိုက်ပွဲတစ်ခုအဖြစ် ကျေနပ်မိကြောင်း ရဲဘော်လပြည့်က ပြောဆိုသည်။

အောင်သာပျူစောထီးကျေးရွာသည် အနီးနားဝန်းကျင်မှ ရွာများကို ပျူစောထီးကျေးရွာအဖြစ် စည်းရုံးသည့် အဓိက ကျေးရွာဖြစ်ကြောင်းနှင့် အနီးဝန်းကျင်ကျေးရွာရှိ ပြည်သူများထံမှ ပိုက်ဆံများ လုယူခြင်း၊ မီးရှို့ခြင်း၊ ပစ္စည်းများ ခိုးယူခြင်းနှင့် အကြမ်းဖက်မှုများကို ပြုလုပ်နေသော ကျေးရွာဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ကာဘိုင်အမျိုးအစား သေနတ် ၃ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက်၊ ရှော့ဂန်း သေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံတွေထံမှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ABSDF အမှတ် ၃ စစ်ကြောင်း၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ (အမှတ် ၈၁၅ စစ်ဒေသ)၊ ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ် BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူမြို့နယ်စုဖွဲ့မှု တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်တွင်လည်း ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအုပ်စုမှ ရှင်မကန်ကျေးရွာ ပျူစောထီးစခန်းကို PDO/PDA အပါအဝင် ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here