အိန္ဒိယ – မြန်မာနယ်စပ် အဝင်/အထွက် ကန့်သတ်မှုကို ဖြေလျှော့ပေးရန် ဗဟိုအစိုးရကို ZORO ထပ်မံတောင်းဆို

0
136
ပုံစာ - အိန္ဒိယ-မြန်မာ နယ်စပ်မြင်ကွင်း။

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ – မြန်မာ နယ်စပ်အကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR စနစ်ကို ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာခွင့် ကန့်သတ်မှုကို ပြန်လည်ဖြေလျှော့ပေးရန် ZORO အဖွဲ့က ဇန်နဝါရီလ ၁၄ ရက်နေ့က ထပ်မံတောင်းဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) က ဇန်နဝါရီ ၁၄ ရက်နေ့တွင် အိုင်ဇောလ်မြို့ Press Club မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး ထိုသို့ ထပ်မံတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ZORO အဖွဲ့က “ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP) က မိမိတို့ကိုပေးထားတဲ့ အခွင့်အရေးတွေကို အိန္ဒိယဗဟိုအစိုးရက ရိုက်ချိုးနေတာဖြစ်တာ၊ မိမိတို့ဌာနေတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့အိန္ဒိယအစိုးရရဲ့ လုပ်ရပ်အပေါ် အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။ လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်သွားလာခွင့်စနစ် FMR ကို ပြန်လည်အသက်သွင်းပြီး နယ်စပ်ဖြတ်ကျော်တဲ့အခါ Border Pass (နယ်စပ်ဖြတ်ကျော်ခွင့်ကတ်) မဖြစ်မနေယူရမယ်ဆိုတဲ့ အမိန့်ကို ပြန်လည်ဖြေလျှော့ပေးဖို့ တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ဖြေရှင်းမပေးဘူးဆိုရင် ရတဲ့နည်းနဲ့ အဆုံးတိုင် ဆက်လက်တောင်းဆိုသွားမယ်” ဟု ပြောဆိုသည်။

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ – မြန်မာနယ်စပ်တွင် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာနိုင်မည့် စစ်ဆေးရေး ဂိတ် ၁၈ ခုထားရှိရန် စီစဉ်ထားပြီး နှစ်နိုင်ငံပြည်သူများသည် ဆွေမျိုးတွေ့ဆုံခြင်း၊ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အားကစား၊ ကျန်းမာရေး၊ အစည်းအဝေး၊ ယဉ်ကျေးမှုဖလှယ်ခြင်း စသည့် ကဏ္ဍများအတွက် Border Pass များ ရယူကာ ဖြတ်သန်းသွားလာခွင့်ရှိမည် ဖြစ်သည်ဟု ကန့်သတ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ Border Pass (နယ်စပ်ဖြတ်ကျော်ခွင့်ကတ်) ရယူနိုင်သည့်သူများမှာ နယ်စပ်မှ ၁၀ ကီလိုမီတာအကွာတွင် နေထိုင်သူများသာဖြစ်ပြီး ယင်းကတ်၏ သက်တမ်းမှာလည်း ၇ ရက်သာ အသက်ဝင်မည်ဖြစ်သည်။

၇ ရက်ပြည့်သည့်အခါ ကတ်ထုတ်ယူခဲ့သည့်နေရာတွင် ပြန်လည်အပ်နှံပြီး မိမိနေရပ်ကို ပြန်သွားရမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ Border Pass ကတ် ထုတ်ပေးနိုင်သူများသည် အရပ်ဖက်အရာရှိ (သို့မဟုတ်) တရားရေးဆိုင်ရာပုဂ္ဂိုလ်များ ဖြစ်သင့်သော်လည်း ကတ်ထုတ်ပေးခွင့်ရှိသူမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ ဖြစ်နေခြင်းမှာ ထူးဆန်းနေသည်ဟု ZORO အဖွဲ့က ပြောသည်။

အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ကျော် ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့က စ၍ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်တင်းကြပ်လိုက်ခြင်းလည်း ဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here