အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း NUG က လူသားစာနာမှုအကူအညီ ကျပ်ငွေ ၁၂.၈ ဘီလီယံ ထောက်ပံခဲ့ဟုဆို

0
145
Photo - MOHADM

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က စစ်အာဏာသိမ်းခဲ့သည့် ၃ နှစ်တာကာလအတွင်း ပြည်သူလူထုအတွက် လူသားချင်းစာနာမှုအဖြစ် ကျပ်ငွေ ၁၂.၈ ဘီလီယံကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

MOHADM နှင့် ကျန်းမာရေးဝန်ကြီးဌာန – MOH တို့၏ ဇူလိုင် ၁၀ ရက်နေ့တွင် ပြုလုပ်သော လူသားစာနာအရေး ကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်ချက်နှင့်မျှော်လင့်ချက်များ ပူးပေါင်းသတင်းစာရှင်းလင်းပွဲတွင် MOHADM ၏ ၃ နှစ်တာ လုပ်ဆောင်ချက်များ ရှင်းလင်းတင်ပြခြင်းအစီအစဥ်တွင် ထိုသို့ပြောဆိုခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလကုန်အထိ ၃ နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးအားဖြင့် မြန်မာကျပ်ငွေ သန်းပေါင်း ၁ သောင်း ၂ ထောင်ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာပြည်ရှိ စစ်ဘေးရှောင်ဦးရေ ၃ သန်းကျော်အနက် စစ်ရှောင်ဦးရေ ၃ သိန်းခန့်ကိုသာ လက်ရှိတွင် ထောက်ပံ့ပေးနိုင်သေးကြောင်း MOHADM ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ပျှမ်းမျှ စစ်ရှောင် ၃ သိန်းကို လစဥ်ထောက်ပံ့နေတယ် ဆိုတာလည်း စစ်ရှောင်အနေနဲ့ အလိုအပ်ဆုံးသူ ၁၅ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။ တော်လှန်ရေးကြာတာနဲ့အမျှ ရေရှည်စစ်ရှောင်နေရတဲ့သူတွေလည်း များလာတယ်။ စစ်ကိုင်းမှာဆိုရင်ပဲ ရေရှည်စစ်ရှောင် ၄ သိန်းကျော်ရှိတယ်။ အဓိကကတော့ စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေကြောင့် ကျနော်တို့လူသားစာနာမှု ပေးရာမှာ အခက်အခဲရှိတာပေါ့” ဟု ဝန်ကြီးက ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲကို ပြည်သူ့ကျန်းမာရေးဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်ချက်များ၊ စစ်ကောင်စီ၏ ပြည်သူလူထု ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် နေရပ်ရှောင်တိမ်းရသော စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်မှုအခြေအနေ စသည်တို့ကို ပြည်သူများသိရှိနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သလို အကူအညီရရှိမှုအတွက် နိုင်ငံတကာထောက်ပံ့မှု ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအတွက် နိုင်ငံတကာမှ အကူအညီပေးနေသည် ဆိုသော်ငြား မြေပြင်တွင် အမှန်တကယ် လိုအပ်နေသူ များထံ အကူအညီရောက်ရှိရန် ခဲယဥ်းနေပြီး အကူအညီအများစုမှာ စစ်ကောင်စီလက်အောက်မှ မလွတ်ကင်းသော ပုံမှန်လမ်းကြောင်းများကိုသာ အသုံးပြုနေခြင်းကြောင့်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

MOH အနေဖြင့် စစ်တပ်က အာဏာသိမ်းယူထားသည့်ကာလအတွင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအတွက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားကြသည့် ကျန်းမာရေးလုပ်သား ၄၅,၀၀၀ ကျော်ဖြင့် လက်တွဲလုပ်ဆောင်နေပြီး ပြည်သူမှပြည်သူသို့ အစီအစဥ်၏အောက်မှ ရရှိလာသော ရန်ပုံငွေများဖြင့်သာ အဓိကအားဖြင့် ထောက်ပံ့ဝန်ဆောင်မှု လုပ်ဆောင်နေရကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။

ဇူလိုင် ၁၀ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာနနှစ်ခု၏ ပူးပေါင်းသတင်းစာရှင်းလင်းပွဲကို အွန်လိုင်းအစီအစဥ်ဖြင့် မနက် ၁၀ နာရီမှ နေ့လည် ၁၁ နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here