ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြဆရာမတစ်ဦး စာပြသွားစဉ် သတ်ဖြတ်ခံခဲ့ရမှုအား တာဝန်ရှိ အဖွဲ့အစည်းများက အမြန်ဆုံး အမှုမှန် ဖော်ထုတ်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက် အပါအဝင် ရခိုင်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်တောင်းဆိုကြသည်။
အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းက သူနေထိုင်ရာ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင်ကျေးရွာရှိ အလယ်တန်းကျောင်းသို့ စာပြရန်သွားစဉ် လမ်းတစ်နေရာတွင် ရက်စက်စွာ လည်လှီးသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ အလယ်တန်းပြဆရာမ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက် အပါအဝင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် အမေရိကန်ရောက် ရသေ့တောင် မြို့နယ်သူ/သားများက ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်တောင်းဆိုထားသည်။
မည်သည့်အဖွဲ့စည်းက ကိုင်တွယ်နေသည်ဖြစ်စေ ဘက်လိုက်မှု မရှိ၊ တရားမျှတမှု ရှိရှိ ဆောင်ရွက်ရန်လိုပြီး ပြည်သူလူထုအကြား ပွင့်လင်းမြင်သာအောင် စီရင်ပေးဖို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် တို့ကလည်း တောင်းဆိုကြသည်။
“ULA / AA ပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့စည်းပဲ ဖြစ်ဖြစ် အမှုနဲ့ ပတ်သက်ပြီးတော့ သမာသမတ်ကျကျနဲ့ အကောင်းဆုံး ဖြစ်အောင်၊ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်စေချင်တယ်” ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် လူငယ်တစ်ဦးက ပြောသည်။
အသတ်ခံလိုက်ရသည့် ဆရာမမှာ ရသေ့တောင်မြို့နယ်၊ မယူကမ်းရှိ ပန်းဖော်ပြင် အလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၇ နှစ်အရွယ်ရှိ အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ် ဖြစ်သည်။
လက်ရှိတွင် ဆရာမဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရသည့်အမှုကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA /AA) က ဖော်ထုတ်စစ်ဆေးနေပြီး တရားခံကို လက်ရှိချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။
ယခုအမှုနှင့် ပတ်သက်ပြီး အနီးအနား ကျေးရွာများမှ ကျေးရွာသားများနှင့် ပညာရေးဝန်ထမ်း တချို့ကိုလည်း ULA/AA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြာင်း ကျွန်းပေါ်ပေါက်တောအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ရင်က ပြောသည်။
ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်၏ ထုတ်ပြန်ချက်တွင် “ဆရာ၊ ဆရာမများမှာ တိုင်းပြည်၏ အနာဂတ် ကြယ်ပွင့်လေးများကို မွေးထုတ်ပေးသူများ ဖြစ်သည့်အတွက် အလွန်တရာ တန်ဖိုးထားအပ်သူများပင် ဖြစ်ပေ သည်။ ယခုလုပ်ကြံသတ်ဖြတ်ပြီး သေဆုံသွားသူမှာလည်း ကျောင်းဆရာမတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သေဆုံးမှုနှင့် ပတ်သက်ပြီး အုပ်ချုပ်သူများတွင် တာဝန်ရှိပါသည်။ အမှန်တရားပေါ်ပေါက်ပြီး တရားခံ ဖမ်းဆီး နိုင်ရေးအတွက် ဆောင်ရွက်သင့်ပါသည်” ဟု တိုက်တွန်းရေးသားထားသည်။
အလားတူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ပညာရေးဝန်ထမ်းတစ်ဦး အသတ်ခံ ရခြင်းမှာ ပညာရေးအသိုင်းအဝိုင်းသို့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး၊ ပညာရေးဝန်ထမ်းများသာ မဟုတ်ဘဲ ဝေးလံ ခေါင်ဖျားသော အရပ်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများအတွက်လည်း တာဝန် ထမ်းဆောင်ရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု ရေးသား ပြောဆိုထားသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင်လူငယ်တစ်ဦးက “ ကျွန်တော်တို့ ရခိုင်ပြည်က အဘက်ဘက်က ဖွံ့ဖြိုးမှုနောက်ကျတော့ လူထုရဲ့အသိပညာဖွံဖြိုးမှုလည်း အစစအရာရာ နောက်ကျနေတယ်။ အဲဒီတော့ ကျွန်တော်တို့စိုးရိမ်တာက ဒီလိုဖြစ်ရပ်တွေဟာ အလားတူဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ဟာ ငြိမ်သက်နေလို့ မရတော့ဘူး။ ပြည်သူလူထုတွေအနေနဲ့ နိုးနိုးကြားကြားနဲ့ ပါဝင်လှုံဆော်တာသော်လည်းကောင်း လုပ်ရမယ်။ ပြီးတော့ ကျူးလွန်သူကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်” ဟု ပြောသည်။
လက်ရှိကာလ ရခိုင်ပြည်တွင် နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုများကို အခွင့်ကောင်းယူ၍ မသမာသူများသည် အမျိုးသမီးငယ်များ၊ တက္ကသိုလ်ကျောင်းသူများနှင့် အသက်မပြည့်သည့် အမျိုးသမီးငယ်များပါမကျန် အဓမ္မပြုကျင့် စော်ကားရိုင်းပြမှုများ ခပ်စိပ်စိပ် ကြားလာရကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်သည် အခြားသောဒေသများထက် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသောကြောင့် လမ်းပမ်းဆက်သွယ်ရေး မကောင်းခြင်း၊ ယခင်ထက် ဆင်းရဲကျပ်တည်းမှု ပိုများလာ၍ ခိုးဆိုးလုနှိုက်မှုများ တိုးပွားလာတာကြောင့် လမ်းသွားလမ်းလာ ပြည်သူများအပြင် နိုင်ငံ့ဝန်ထမ်းများ အတွက်လည်း မလုံခြုံမှုများ ဖြစ်လာရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရခိုင်ပြည်တွင် ရခိုင်အမျိုးသမီးထုများ လုံခြုံမှု ရှိစေရန်အတွက် ရခိုင်အမျိုးသမီးထု၏ လူမှုဘဝလုံခြုံမှုအား ခြိမ်းခြောက်စေသည့် ကျူးလွန်သူ တရားခံများအား ရခိုင်ပြည်သူလူထုရှေ့မှောက်တွင် သေဒဏ်ချမှတ် စီရင်နိုင်သည့် တရားရေးမဏ္ဍိုင်ကို ဖော်ဆောင်ပေးရန်၊ တရားမျှတစွာ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများအား တိုက်တွန်းထားသည်။
ယခုအမှုကျူးလွန်သူကိုလည်း ရခိုင်ပြည်နယ်ရှိ ပညာရေးအသိုင်းအဝိုင်း တစ်ခုလုံးအပါအဝင် ဒေသခံများက ကန့်ကွက်ရှုတ်ချနေကြသည်။
နိရဉ္စရာ ပေးပို့သည်။