7 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းအရပ်သားတချို့ စစ်ဝတ်စုံဝတ်ဆင်မှုကြောင့် စစ်ရှောင်စခန်းတွေပါ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်

အရပ်သားတချို့ စစ်ဝတ်စုံဝတ်ဆင်မှုကြောင့် စစ်ရှောင်စခန်းတွေပါ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်

ကရင်နီပြည်အတွင်း စစ်ရှောင်စခန်းတွင် နေထိုင်သည့် အရပ်သားပြည်သူတချို့ဟာ စစ်ဝတ်စုံဝတ်ပြီး သွားလာနေကြသည့်အတွက် စစ်ရှောင်စခန်းတွေဟာ စစ်ကောင်စီ၏ ပစ်မှတ်ဖြစ်လာနိုင်ပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လာမည်ကို စိုးရိမ်နေကြကြောင်း စစ်ရှောင်စခန်းကော်မတီဝင်များက ပြောဆိုကြသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသလို စစ်ရှောင်ပြည်သူများ တိမ်းရှောင်နေကြသည့် စစ်ရှောင်စခန်းများကို နေ့စဉ်နီးပါး ဒရုန်းဖြင့် ကင်းထောက်ခြင်းရှိသည့်အတွက် အန္တရာယ်ရှိနိုင်ကြောင်း ဒီးမော့ဆိုအရှေ့ဖက်ခြမ်း စစ်ရှောင်တစ်ဦးက ပြောသည်။

“စိုးရိမ်စရာတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ ဒီအရပ်သားပြည်သူတွေက အရပ်သားဝတ်စုံမဝတ်ဘဲ တကယ်လို့ယူနီဖောင်း (စစ်ဝတ်စုံ) ဝတ်မယ်ဆိုလို့ရှိရင် တဖက်မှာ စစ်ကောင်စီက အမြဲတမ်း ဒရုန်းနဲ့ ကင်းထောက်တာတွေ အမြဲတမ်းပြုလုပ်တာပေါ့နော်။ တကယ်လို့ သူတို့ကို ရဲဘော်တွေလို့ ထင်သွားလို့ရှိရင် အပေါ်ကနေ ဒရုန်းနဲ့ ပစ်ချနိုင်တယ် အဲတော့ သူတို့ (စစ်ရှောင်) အတွက် အများကြီး အန္တာရာယ်ရှိနိုင်တာပေါ့နော်။ တကယ်လို့ ယူနီဖောင်း (စစ်ဝတ်စုံ) ဝတ်မယ်ဆိုလို့ရှိရင်” လို့ သူက ပြောသည်။

ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းအချို့တွင်လည်း အရပ်သားများကို စစ်ဝတ်စုံ မဝတ်ကြဖို့ တားမြစ်ထားပြီး မဝတ်ဆင်ကြဖို့ စည်းကမ်းထုတ်ပြန်ထားကြကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင်ရှိသည့် ရွာနှင့် စစ်ရှောင်စခန်းတွင် စစ်ဝတ်စုံမဝတ်ဖို့ ပြောဆိုမှုရှိသော်လည်း တရားဝင်စည်းကမ်းချက်ထုတ်ထားမှု မရှိသေးကြောင်း သိရသည်။

အထူးသဖြင့် စစ်ရှောင်စခန်းများတွင် သက်ကြီးရွယ်အိုနှင့် ကလေးများသည့်အတွက် လုံခြုံရေးပိုင်း စိုးရိမ်နေရရသလို စစ်ကောင်စီ၏ လက်နက်ကြီးရန်၊ ဒရုန်းရန်ကို ကာကွယ်နိုင်ဖို့ စည်းကမ်းချက်ထုတ်ထားရခြင်းဖြစ်ကြောင်း စစ်ရှောင်ကော်မတီတစ်ဦးက ပြောသည်။

“လက်နက်ကိုင်ဆောင်ပြီး စခန်းထဲဝင်ထွက်၊သွားလာတာမျိုးတွေ မြင်လို့ရှိရင် စစ်တပ်တွေဖက်က သတင်းတွေရလို့ရှိရင် ညညဆို လက်နက်ကြီးနဲ့ လှမ်းလှမ်းထုတတ်လို့ အဲကြောင့် သိတဲ့အတိုင်းပဲလေ စစ်ရှောင်ခန်းတွေကို လက်နက်ကြီးနဲ့ မကြာမကြာ လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုးတွေ ခဏခန ဖြစ်နေကျ အဲလိုမျိုးတွေ မဖြစ်အောင် ဆိုပြီးတော့မှ တတ်နိုင်သလောက် စည်းကမ်းတွေကို ထိန်းသိမ်းတဲ့သဘောပါပဲဗျ။” ဟု သူကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ပြည်သူများကို အကြောင်းမဲ့ သတ်ပစ်မှုရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့အဖြစ် စွပ်စွဲပြောဆိုလေ့ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားက ပြောသည်။

အရပ်သားများက စစ်ဝတ်စုံကိုဝတ်ဆင်တာဟာ စစ်ကောင်စီ၏ ပုံစံခွက်ထဲကို ရောက်သွားခြင်းဖြစ်သည့်အတွက် စစ်ရေးစစ်ရာနှင့် ပတ်သက်သည့် ဝတ်စုံ၊ အသုံးအဆောင်ပစ္စည်းကို မသုံးခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူက ဆက်ပြောသည်။

“လုံးဝကို မဝတ်တာ အကောင်းဆုံးဖြစ်တယ်။ ရှိတဲ့ဟာလေးနဲ့ တကယ့်ကို သာမန်လူထုတွေလိုမျိုး ဝတ်စားဆင်ယင်တဲ့ဟာနဲ့ သွားလာတာက အသင့်တော်ဆုံးဖြစ်တယ်။ အန္တရာယ်အကင်းဆုံးဖြစ်တယ်။ နောက်ပြီးတော့မှ တစ်ဖက်ရန်သူတွေ ဝါဒဖြန့်ချိမှုကိုလည်း ကျနော်တို့ ကာကွယ်နိုင်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့အသက်လည်း ပိုလုံခြုံတယ်လို့ ပြောလို့ရပါတယ်။”ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားက ပြောသည်။

၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း စစ်ရှောင်အပါအဝင် အရပ်သားပြည်သူ (၁၉) ဦး သေဆုံးခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင် အရပ်သားသေဆုံးသူ (၄၃၉) ဦးရှိကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။