အပစ်ရပ် EAO (၇) ဖွဲ့ နယ်မြေတွင် နီပွန်ဖောင်ဒေးရှင်း ဆန်အိတ် ၆ သောင်းကျော် ထောက်ပံ့

0
307
ပုံစာ - နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ နယ်မြေများတွင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်က ဆန်အိတ်အရေအတွက် ၆၄,၀၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူသားချင်းစာနာမှု အကူညီများကို ၂၀၂၂ – ၂၀၂၃ ခုနှစ် အတွင်း ဖြန့်ဝေပေးနိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၃ -၂၀၂၄ ခုနှစ်တွင်လည်း ဆက်လက်ဖြန့်ဝေနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် NCA-S EAO က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ယခုအချိန်သည် မိမိတို့ ပဋိပက္ခခံစားနေသော တိုင်းရင်းသားပြည်သူများ၏ အကျိုးအတွက် နီပွန် ဖောင်ဒေးရှင်းနှင့် ဥက္ကဋ္ဌကြီး ဆာဆာကာဝါအား အပြည့်အဝ ထောက်ခံကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုး ဆန္ဒပြုကြပါသည်” ဟု NCA-S EAO မှ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိတွင် နီပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့သစ်စီမံကိန်းများ ထောက်ပံ့ခြင်း၊ စာသင်ကျောင်းများ ထောက်ပံ့ခြင်း၊ ဆေးရုံများ ထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ယခင်အစိုးရ အဆက်ဆက်ကတည်းက တိုင်းရင်းသားနယ်မြေ အတွင်းရှိ IDPs များ၊ စစ်ပြေးစစ်ရှောင်များနှင့် ဒုက္ခသည်များအား ကူညီပံ့ပိုးပေးနေသည့် မစ္စတာဆာဆာကာဝါနှင့် နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူဟု ဆိုသော ပုဂ္ဂိုလ်တချို့၏ တိုက်ခိုက်ထိုးနှက်နေမှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း NCA-S EAO အဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် NCA-S EAO မှ ပြောရေးဆိုခွင့်ရှိသူများထံ အကြိမ်ကြိမ် ဆက်သွယ်နေသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

လက်ရှိတွင် နီပွန်ဖောင်ဒေးရှင်းက ဆန်ရိက္ခာနှင့် လူသားချင်းစာနာမှု အကူညီများ ပေးနေခြင်းမှာ စစ်ကောင်စီနှင့် အပစ်ရပ် EAO များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် အသိအမှတ်ပြုသည့်သဘော ဖြစ်နိုင်သည်ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ရူမြင်သည်။

“နီပွန်ဖောင်ဒေးရှင်းက စစ်ကောင်စီနဲ့ EAO တွေ အဖွဲ့ကြားမှာ ပြေလည်အောင် လုပ်ပေးနေတဲ့အဖွဲ့ ဖြစ်တယ်။ အခုလည်း စစ်ကောင်စီနဲ့ အပစ်ရပ် (၇) ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အားပေးတယ်။ အသိအမှတ် ပြုတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပေးတာပဲ ဖြစ်နိုင်မယ်။ တခြားရည်ရွယ်ချက်နဲ့ ပေးတာတော့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

အပစ်ရပ် လက်မှတ်ထိုးထားသည့် EAO (၇) ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၄ ရက် က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုက်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ဒေသတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ကူညီထောက်ပံ့ပေးခြင်း တချို့ကို တွေ့မြင်ရကြောင်း ဒေသခံများက ပြောသည်။

“နီပွန်ဖောင်ဒေးရှင်းအနေနဲ့ မုန်တိုင်းလွန်ကာလမှာ အခုလို ထောက်ပံ့ပေးတာ တကယ့်ကို ထိရောက်မှုရှိတယ်။ ဒါပေမယ့် ဒီဆန်တွေက ပြည်သူလက်ထဲကို ရောက်မလားဆိုတာကိုတော့ မသိရဘူး။ လက်ရှိ စစ်တွေမှာတော့ ALP ဘက်က စားနပ်ရိက္ခာတချို့ကို ကူညီထောက်ပံ့ပေးနေတယ် ဆိုတာကို သူတို့ထုတ်ပြန်တာတွေကို ကြည့်ပြီး သိရတယ်။ တခြားမြို့နယ်တွေမှာတော့ မတွေ့ရသေးဘူး” ဟု ရသေ့တောင်မြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုကျော်မင်းခိုင်က ပြောသည်။

ရခိုင် မုန်တိုင်းသင့်ဒေသခံများကို ငွေကြေးအပါအဝင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေကြောင်း ALP လူမှုကွန်ရက်တွင် ဇွန်လအတွင်းက ရေးသားထားသည်။ ဇွန်လ ၂၀ ရက်နေ့က စစ်တွေမြို့တွင် ALP နှင့် DKBA တို့ ပူးပေါင်းပြီး မုန်တိုင်းသင့်ဒေသခံများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ALP က ဆိုသည်။
မြန်မာပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် ဂျပန်အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူး ကိုယ်စားလှယ်အဖြစ် နီပွန်ဖောင်ဒေးရှင် ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကို တာဝန်ပေးအပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် NCA-S EAO (၇) ဖွဲ့က ထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း NCA-S EAO ၏ ဇူလိုင် ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နီပွန်ဖောင်ဒေးရှင် ဥက္ကဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုကြောင့် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၏ တိုက်ပွဲများမှာ ရပ်စဲနိုင်ခဲ့သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here