28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းအပစ်ရပ်ကာလတွင်း ဝန်းသိုနှင့် ကောလင်းမြို့နယ်တို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့

အပစ်ရပ်ကာလတွင်း ဝန်းသိုနှင့် ကောလင်းမြို့နယ်တို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့

ယာယီအပစ်ခတ်ရပ်စဲထားသည့် ကာလအတွင်းတွင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဝန်းသိုမြို့နယ်နှင့် ကောလင်းမြို့နယ်ထဲက ကျေးရွာတချို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် ထိုမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ဝန်းသိုမြို့နယ်က PDF များထိန်းချုပ်စိုးမိုးထားသည့် နန်းခမ်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ ကျော်ရှိကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် Kawlin info က ပြောဆိုထားသည်။

နန်းခမ်းကျေးရွာသည် ဝန်းသိုမြို့နယ်နှင့် အင်းတော်မြို့နယ် အကြားတွင်ရှိနေပြီး NUG ၏ စိုးမိုးနယ်မြေဖြစ်ပြီး အပစ်ရပ်ကာလတွင်း စစ်ကောင်စီလက်လွှတ်လိုက်ရသည့် အင်းတော်မြို့နှင့် မိုင် ၃၀ အနီးဝန်းကျင် ကွာဝေးကြောင်း သိရှိရသည်။

ဧပြီလ ၁၀ ရက်နေ့တွင်လည်း ကောလင်းမြို့နယ်ထဲရှိ အင်ပင်လှရွာစာသင်ကျောင်းကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး ထိခိုက်သေဆုံးသည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ဆိုသည်။

ဧပြီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိခဲ့ပြီး သေဆုံးသည့်အရပ်သား ၃၀ ဝန်းကျင်ရှိခဲ့သည်ဟု စစ်ကိုင်းတိုင်းအထက်ပိုင်း တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“ဒီရက်တွေက အထက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေ အရမ်းများတယ်။ အင်းတော်ကျသွားပြီဆိုတော့ အင်းတော်နားတဝိုက် သူ့နဲ့နီးတဲ့နေရာ အဲ့နေရာတွေကို တောက်လျှောက်ချတော့တာ။ သတင်းကလည်း ရထားတယ်လေ။ သူတို့တွေ ဘယ်နားရှိနေသလို ဘယ်လိုရှိနေသလဲဆိုတာလေ” ဟု ၎င်းက ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းနှင့် လက်နက်ကြီးတို့နှင့် တိုက်ခိုက်မှုစုစုပေါင်း ၉၂ ကြိမ် အထိပြုလုပ်ခဲပြီး ထိခိုက်သေဆုံးတဲ့ အရပ်သား ၇၂ ဦး အထိရှိတယ်လို့ NUG က ထုတ်ပြန်ထားသည်။

ထိုသို့တိုက်ခိုက်မှုတွေထဲ ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက တိုက်ခိုက်မှု ၁၈ ကြိမ်နှင့် မန္တလေးတိုင်းအတွင်းလည်း ၁၈ ကြိမ် တိုက်ခိုက်ခဲ့သည်။

ရှမ်းနီအသံ ပေးပို့သည်။