အတိုက်အခံများကို အကြမ်းဖက်အဖွဲ့ဖြစ်သည့်အတွက် မဆွေးနွေးနိုင်ကြောင်း စစ်ကောင်စီပြော

0
351
ပုံစာ - စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် NUG၊ CRPH နှင့် PDF များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို မလုပ်တော့ကြောင်း ဝန်ခံချက်ပေးရန်နှင့် အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသည့် ကမ္ဘာသိ ကြေညာချက်ကို ထုတ်ပြန်မှသာ တွေ့ဆုံဆွေးနွေးနိုင်မည်ဟု စစ်ကောင်စီက ပြောဆိုလိုက်သည်။

ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားဖို့ဆိုရင် ပထမဦးဆုံးက နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်လို့ ကြေညာထားတဲ့လူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာအကြောင်း မရှိပါဘူး။ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်း သွားနိုင်ဖို့အတွက် အကြမ်းဖက်လို့ ကြေညာခံထားရတဲ့သူတွေကို နံပါတ် ၁ ကမ္ဘာသိ အကြမ်းဖက်လုပ်ရပ်များကို မလုပ်တော့ပါဘူးဆိုပြီး ဝန်ခံချက်လိုပါတယ်။ နံပါတ် ၂ အကြမ်းဖက် လုပ်ရပ်တွေကို ရှုတ်ချပါတယ်ဆိုတဲ့ ကမ္ဘာသိကြေညာချက်လိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

NUG၊ CRPH၊ PDF များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များကို မစွန့်လွှတ်ဘဲ ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက တွေ့ဆုံဆွေးနွေးမည့် လမ်းကြောင်းပေါ်ကို ရောက်ရှိလာမှာ မဟုတ်ကြောင်း စစ်ကောင်စီက ပြောဆိုသည်။

အကြမ်းဖက်အဖွဲ့ဟု ကြောညာခံထားရသည့် NUG၊ CRPH၊ PDF များနှင့် တွေ့ဆုံဆွေးနွေးသွားမည် မဟုတ်သော် လည်း လက်ရှိလုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။

“အကြမ်းဖက်သမားတွေနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းစရာ အကြောင်းတော့ မရှိပါဘူး။ ကျနော်တို့အနေနဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ EAOs အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာတွေ နိုင်ငံရေးတည်ငြိမ်မှု ရရှိဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေး နေတာတွေ ရှေ့ဆက်သွားမယ့် ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုတော့ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲ မဲမသာမှုကို အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းယူခဲ့သည်။

အာဏာသိမ်းပြီးနောက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD လွှတ်တော် ကိုယ်စားလှယ်များက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကို စတင် ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက် နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG နှင့် မေလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုလည်း ဖွဲ့စည်းခဲ့သည်။

ထိုသို့ ဖွဲ့စည်းခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီက CRPH၊ NUG နဲ့ PDF များသည် အကြမ်းဖက်လုပ်ရပ်များ ကို လုပ်ဆောင်သည်ဟုဆိုပြီး ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here