27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဟုမ္မလင်းမြို့နယ်အတွင်း ငှက်ဖျားကူးစက်မှုမြင့်တက်လာပြီး ဆေးဝါးလိုအပ်ချက်ရှိနေ

ဟုမ္မလင်းမြို့နယ်အတွင်း ငှက်ဖျားကူးစက်မှုမြင့်တက်လာပြီး ဆေးဝါးလိုအပ်ချက်ရှိနေ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ငှက်ဖျားပိုးကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာပြီး ဆေးဝါးလိုအပ်ချက်များစွာရှိနေသည်ဟု ကျန်းမာရေးဌာနဝန်ထမ်းများပြောဆိုမှုအရ သိရသည်။

မှတ်တမ်းများအရ မေလ ၁၆ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ်၊ ဘိုကုန်းကျေးရွာအုပ်စု နန်းစက်ကျေးရွာတွင် ငှက်ဖျားကူးစက်သူ ၉၉ ဦး အထိရှိပြီး ကလေးငယ်များလည်းပါဝင်ကြောင်း စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားတစ်ဦးက ပြောဆိုသည်။

“လောလောဆယ် ဆေးဝါးကလုံလောက်မှု မရှိဘူး။ ငှက်ဖျားစစ်ဆေးကိရိယာတွေ မလုံလောက်ဘူး။ ရက် (၂၀) ကျော်ပဲရှိသေးတယ်၊ ငှက်ဖျားကူးစက်သူ ၁၀၀ နီးနီးရှိနေပြီ” ဟု ၎င်းက ပြောသည်။

ငှက်ဖျားကူးစက်ခံရသူထဲတွင် ဗိုင်းပက် (PV) ငှက်ဖျားအမျိုးစားတွေ့ရှိသူ ၉၈ ဦး ရှိပြီး၊ ဖယ်ဆီပါရမ် (PF) ငှက်ဖျားအမျိုးအစားတွေ့ရှိသူ ၁ ဦး ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဘိုကုန်းကျေးရွာအုပ်စုအတွင်းရှိ တုံပေကျေးရွာတွင်လည်း မေလ ၁၆ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ ငှက်ဖျားကူးစက်ခံရသူ ၆၆ ဦးရှိကြောင်း သိရသည်။

မိုးဦးကာလ၌ ဟုမ္မလင်းမြိုနယ်တွင် ငှက်ဖျားကူးစက်သူ ထောင်နှင့်ချီရှိနိုင်ပြီး ချင်းတွင်းမြစ်ရိုးနှင့် ဥရုချောင်းရိုးဒေသတို့တွင် ပိုမိုအဖြစ်များကြသော်လည်း ဆေးဝါးအခက်အခဲများဖြင့် ကြုံနေကြရသည်။

ဟုမ္မလင်းမြို့နယ်ရှိ ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းနှင့်နီးစပ်သူ လူငယ်တစ်ဦးက “ငှက်ဖျားဆေးတွေက ၂၀၂၁ အာဏာသိမ်းပြီးကတည်းက သွင်းရတာကြပ်နေတာ။ ကန့်သတ်ပစ္စည်းလိုမျိုးလည်းဖြစ်တော့ ဖြစ်တာကတော့ အဖြစ်များကြမှာပဲ။ သိပ်ပြီးမပြင်းထန်တာပဲ ရှိလိမ့်မယ်” ဟု ပြောသည်။

ဟုမ္မလင်းမြို့နယ်၊ ဘိုကုန်းကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိနေသည့် ဗန်းမောက်မြို့နယ်အတွင်း၌လည်း လက်ရှိတွင် ငှက်ဖျားဖြစ်ပွားမှုများနေပြီး ဆေးဝါးများ ပြတ်လပ်နေကြောင်း ဒေသခံများနှင့် ကျန်းမာရေးဝန်ထမ်းများ ပြောဆိုမှု အရ သိရသည်။

ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်တို့တွင် ဟုမ္မလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းမရှိဟု ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာအရသိရပြီး ၂၀၂၄ ခုနှစ်ကစကာ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။