1 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းဟားခါးမြို့ပေါ်တွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်

ဟားခါးမြို့ပေါ်တွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ပြတ်တောက်နေဆဲဟု မြို့ခံများ ပြောဆိုမှုအရ သိရသည်။

ထို့အပြင် ဟားခါးမြို့ပေါ်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ အပါအဝင် Wifi အင်တာနက်လိုင်းများလည်း မကြာခဏ ပြတ်တောက်နေသည်ဟု ဟားခါးမြို့ခံအမျိုးသားတဦးက ပြောသည်။

“ဒီဟားခါးတမြို့လုံးကို မပေးရင်တောင်မှ ခါတိုင်းဆိုရင်တော့ ရတဲ့နေရာလေးရှိတယ်။ နေ့တိုင်းတော့ လိုင်းကမရဘူး။ အခုက MPT တခုပဲရတယ်။ အဲ့ဒါတောင် ဖုန်းလိုင်းမကောင်းဘူး။ အင်တာနက်ကတော့ အခုထိတော့ သုံးလို့ အဆင်မပြေသေးဘူး၊ မရသေးဘူး။ မီးလဲ ပျက်တယ်။ ၂ ပတ်လောက်ရှိပြီ” ဟု အဆိုပါအမျိုးသားက ပြောသည်။

ချင်းပြည်နယ်တွင် အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုကြောင့် ဒေသခံပြည်သူများ ဆက်သွယ်ရေးပြတ်တောက်မှု၊ အွန်လိုင်းလုပ်ငန်းဝန်ဆောင်မှု၊ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ရရှိနိုင်ခြင်းမရှိသည့် ဆုံးရှုံးမှုများ ကြုံနေကြရဟု မြို့ခံများက ပြောသည်။

ဟားခါးမြို့ပေါ်တွင် လျှပ်စစ်မီးပြတ်တောက်မှု ရက်ရှည်ကြာလာခြင်းကြောင့် ယခင်က မီးသွေးတအိတ်လျှင် ကျပ်ငွေ (၂၅,၀၀၀) ရှိရာက ယခုအခါ (၄၀,၀၀၀) ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

ဟားခါးမြို့ဒေသခံ အမျိုးသမီးတဦးက “လျှပ်စစ်မီးက ကျောဘက်မှာပျက်တာ တာဝါတိုင်ကျိုးတာလို့ ကြားတယ်။ တာဝါတိုင်ကျိုးတော့ ပြင်လို့လွယ်တဲ့နေရာမှာ မရှိနေတော့ သွားလာရေးအဆင်မပြေတော့ နည်းနည်းကြာအုံးမယ်လို့ကြားတယ်။ ဒီမှာက ချင်းမီးသွေးသုံးကြတယ် ၃ သောင်းခွဲ၊ ၄ သောင်းရှိတယ်။ တော်တော်များများက တနေ့လုပ်တနေ့စားတွေဆိုတော့ များကြီးဝယ်ဖို့လည်း အဆင်မပြေတော့လေ အခက်အခဲတော့ဖြစ်ကြတယ်” ဟုပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့မှအပ ကျန်မြို့နယ်များတွင် မိုဘိုင်းဒေတာ အင်တာနက်လိုင်းများကို ယနေ့ချိန်အထိ ဖြတ်တောက်ခဲ့သည်။

KMG ပေးပို့သည်။