သျှမ်းမြောက်၊ သိန္နီတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံး

0
374
ပုံစာ - သိန္နီတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးတွေ့မြင်ရစဉ်။

သျှမ်းပြည်၊ သိန္နီမြို့အတွင်း လက်နက်ကြီးတစ်လုံး ပြည်သူနေအိမ်အပေါ် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး နေအိမ်မှာလည်း ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၁ ရက် ညနေ ၃ နာရီခန့်တွင် သိန္နီမြို့မှ ကွတ်ခိုင်သို့အတက်လမ်းခွဲ ကုန်းထိပ်နားရှိ ဝက်သားချဉ်ရောင်းသည့်နေအိမ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်အမျိုးသမီး သားအမိ ၂ ဦး သေဆုံးသွားကြောင်း သိန္နီဒေသခံများက ပြောသည်။

သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက “သူတို့ သားအမိ ၂ ယောက် မနေ့ (နိုဝင်ဘာလ ၁ ရက်) ညနေက လက်နက်ကြီးကြောင့် ဆုံးသွားတာဟုတ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းမှ စတင်လာသည့် ‘၁၀၂၇-စစ်ဆင်ရေး’ ခေါင်းစဉ်ဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်ဖြစ်ပွားနေပြီး ယနေ့အချိန်ထိ သိန္နီမြို့တွင် စစ်ရေးပြင်းထန်နေကြောင်း သိရသည်။

သေဆုံးသွားသူ ၂ ဦးတွင် အမေဖြစ်သူ ပါစောနှင့် သမီးဖြစ်သူ နန်းခမ်းလျန်းအမည်ရှိ သားအမိတို့သည် သိန္နီမြို့ရှိ ရပ်ကွက် ၃ ၊ သိန္နီ-ကွတ်ခိုင် တိုးဂိတ်အနီးတွင် နေထိုင်သူများဖြစ်ပြီး အိမ်နောက်ဖေးတွင် ထမင်းစားနေချိန် ပိုင်ရှင်မဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သိန္နီမြို့နယ်အတွင်း ဖြစ်ပွားသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲအကြား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး တို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၂ ဦးအထိ ရှိလာကြောင်း စုံစမ်းချက်များအရ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here