သံတွဲတွင် PDF အကြောင်းပြပြီး စစ်ကောင်စီက အင်အားအများအပြားဖြင့် ရှာဖွေမှုပြုလုပ်

0
362
ပုံစာ - သံတွဲတွင် PDF အကြောင်းပြပြီး စစ်ကောင်စီကအင်အားအများအပြားဖြင့်ရှာဖွေနေသည်။ (ပုံဟောင်းဖြစ်သည်)

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်များကို အကြောင်းပြ၍ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို ရှာဖွေမှု ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။

စက်တင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင် သံတွဲမြို့မှ စစ်ကောင်စီ တပ်ဖွဲ့အင်အား ၆၀ ခန့် ပါသည့် စစ်ကား ၃ စီးသည် သံတွဲမှ မိုင် ၃၀ ခန့် အကွာရှိ ပုရစ်နှင့် ရေကောက်ရွာဟောင်းရွာသို့ ရောက်ရှိလာပြီး ယင်းရွာများနှင့် အနီးဝန်းကျင်ရှိ တောထဲနေရာများတွင် လက်နက်အင်အားအပြည့်အစုံဖြင့် PDF များကို ရှာဖွေနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ရေအားလျှပ်စစ်စီမံကိန်းနားက ၅ မိုင် လမ်းကနေပြီးလာတာ၊ သံတွဲ ကနေဆို မိုင် ၃၀ လောက် ဝေးတဲ့တောထဲ၊ အရင် ပုရစ်၊ ရေကောက်ရွာဟောင်းမှာ စစ်ကား ၃ စီးနဲ့ စစ်သား ၆၀ လောက် လက်နက်အင်အားအပြည့်နဲ့ ရောက်နေကြတာပါ။ သူတို့ကတော့ PDF ရှာတယ်လို့ ပြောတယ်။ ၁၅ ရက်နေ့ မနက်ပိုင်းကနေ တောထဲမှာ ကင်းပုန်းဝပ်နေတာ။ ဘာတွေ ကြံစည်နေလဲတော့ မသိဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ညအချိန်များတွင်လည်း တောတွင်းနေရာတဝိုက်ကို လှည့်ပတ်ကာ သွားလာရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင် နေတာကြောင့် သံတွဲဘက်တွင် PDF ကို အကြောင်းပြပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သူများကို စစ်ကောင်စီက ရှာဖွေနေခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အုပ်ချုပ်ရေးယန္တရား အများအပြားမှာ ရက္ခိုင့်တပ်တော် လက်ထဲ ကျရောက်သွားပြီ ဖြစ်သဖြင့် စစ်ကောင်စီက တောင်ပိုင်းဒေသများကို အုပ်ချုပ်ရေး လက်မလွတ်စေရေး လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟုလည်း ဒေသခံများက သုံးသပ်နေကြသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ လှည့်လည်သွားလာမှုများ ရှိနေသည့်အတွက် တောတောင်ကို မှီခို၍ လုပ်ကိုင် စားသောက်နေရသည့် ဒေသခံတောင်ယာသမားများနှင့် မျှစ်ခူး၊ ဟင်းရှာကြသည့် ဒေသခံများသည် တောထဲသို့ မဝင်ရဲဘဲ အလုပ်အကိုင်များကို ရပ်နားထားရသည်ဟု ဒေသခံများက ပြောသည်။

“တောထဲမှာ ပတ်ပြီးသွားနေတော့ ဟင်းရှာ၊ မျှစ်ခူးတဲ့ လူတွေလည်း အခု တောထဲသွားလို့ မရပါဘူး။ တောင်ယာသမားတွေ အလုပ်တွေကို ရပ်ထားကြရပါတယ်။ ဘယ်လောက်ကြာအုံးမယ်ဆိုတာလဲ မသိရပါဘူး” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့ပေါ်နှင့် မြို့အဝင်အထွက် ဂိတ်များတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများ တင်းကြပ်လျက်ရှိပြီး ကားနှင့် ဆိုင်ကယ်များကိုလည်း အကုန်အနှံဖွင့် စစ်ဆေးနေသည်ဟု သိရသည်။

သံတွဲမြို့နယ် အပါအဝင် ရခိုင်ပြည်ရှိ မြို့အချို့တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အမျိုးသမီးများ အပါအဝင် လူမှုရေး လှုပ်ရှားသူတချို့နှင့် ဒေသခံတချို့သည် PDF နှင့် ဆက်စပ်ပြီး PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုပြီး စစ်ကောင်စီ၏ ထောင်ဒဏ်နှစ်ရှည် ချမှတ်မှုကို ခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။ (NN-7)

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here