သံတောင်ကြီး ယာဒိုကျေးရွာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီ လေကြောင်းအသုံးပြု တိုက်ခိုက်နေ

0
307
ပုံစာ - သံတောင်ကြီး ယာဒိုကျေးရွာတွင် တိုက်ပွဲများပြင်းထန်နေသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နှင့်ပါ လာရောက်တိုက်ခိုက်နေသည်ဟု စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ယင်းဒေသအတွင်းရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၉ နာရီကျော်လောက်က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူ အခုလို ပြောသည်။

“မနက်ခင်းကတည်းက စချနေတာ အခုအချိန်အထိ မပြီးသေးဘူး။ အသံတွေက ကြားနေရတုန်းပဲ ဟိုဘက်က တောက်လျှောက်ပစ်တုန်းပဲ၊ ပစ်တုန်းပဲဆိုပြီး သတင်းလှမ်းပို့တာ ၂ ဘက်ရဲ့ အထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး” ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်စခန်းရှိရာ ကလေထ ကျေးရွာဘက်ကနေ တော်လှန်ရေးအင်အားစုများကို ပစ်ခတ်နေပြီး တော်လှန်ရေးအင်အားစုများကလည်း ကလေထကျေးရွာနှင့် မျက်နှာချင်းဆိုင်ရှိ ဝါသောခို ကျေးရွာဘက်ကနေ စစ်ကောင်စီတပ်ကို ပစ်ခတ်နေသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း အဆိုပါ စစ်ဘေးရှောင်များကို ကူညီပေးနေသူက ဆက်ပြောသည်။

လက်ရှိအချိန်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုများကို အသုံးပြုနေသည်ဟု ပြင်းထန်နေသည်ဟု စစ်ရှောင်များကို ကူညီပေးသူ ဒေသခံက ဆက်ပြောဆိုသည်။

“စစ်တပ်ဘက်ကနေပြီးတော့ လေယာဉ်နဲ့ နှစ်ကြိမ် သုံးကြိမ် နီးပါးလောက် လာပစ်တယ်။ ပစ်တော့ ယာဒိုရွာထဲတော့ မဟုတ်ဘဲနဲ့ အဲဒီသူတို့နဲ့ မျက်နှာချင်းဆိုင်ပစ်နေတဲ့ ဝါသောခိုရွာထဲကို လာကြဲတာပေါ့နော်။ အဲ့ထဲကို လာကြဲတာပေါ့ လာပစ်တာပေါ့” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများရှိ လူနေအိမ်တချို့ ထိမှန်ပျက်စီးမှုများ ရှိနေပြီး တိုက်ပွဲအတွင်း နှစ်ဘက် လက်နက်ကိုင်အဖွဲ့များ၏ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးကြောင်း ဒေသခံများထံက သိရသည်။

ယာဒိုကျေးရွာသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ အုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကျေးရွာတစ်ရွာ ဖြစ်သည်။ ပရယ်ဇော်၊ ဝါဘန်းခို၊ ကလေထ၊ တပ်ကုန်း စသည့် ကျေးရွာများ ပေါင်းထားသည့်ရွာကို ယာဒိုကျေးရွာဟု ခေါ်ဆိုခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ယာဒိုကျေးရွာတွင် တိုက်ပွဲစတင် ဖြစ်ပွားလာခဲ့ပြီးနောက် တိုက်ပွဲမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေသည့်အပြင် ဒေသခံများလည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here