28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသံတောင်ကြီး၊ ထုံးဘိုကြီးရွာအခြေစိုက်စခန်းဝန်းကျင်ရှိ ဒေသခံနေအိမ်ခြံဝန်းများအတွင်း စစ်ကောင်စီတပ်စွဲထား

သံတောင်ကြီး၊ ထုံးဘိုကြီးရွာအခြေစိုက်စခန်းဝန်းကျင်ရှိ ဒေသခံနေအိမ်ခြံဝန်းများအတွင်း စစ်ကောင်စီတပ်စွဲထား

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၂)၊ ပဲခူးတိုင်း၊ တောင်ငူခရိုင် သံတောင်ကြီးမြို့နယ်၊ ထုံးဘိုကြီးရွာ အခြေစိုက်စခန်းအနီးဝန်းကျင်ရွာရှိ ဒေသခံပိုင်အိမ်ခြံဝင်းများအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားကြောင်း ထိုစခန်းအခြေအနေကို စောင့်ကြည့်နေသည့် နယ်ခံသတင်းရင်းမြစ်များကပြောသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် မေလအကုန်ပိုင်းကစ၍ တပ်အင်အား ၄၀၀ ဝန်းကျင်ရောက်ရှိလာပြီးနောက် ထုံးဘိုကြီးတပ်စခန်းနှင့် အဆိုပါခရိုင်ချင်းဆက်လမ်းပိုင်းပေါ်တွင် အင်အားဖြန့်ကျက်ထားရုံမျှမက ထုံးဘိုကြီး ဝန်းကျင်ရွာအချို့ရှိ ဒေသခံနေအိမ်များပေါ် နေထိုင်တပ်စွဲခြင်းတို့ လုပ်ဆောင်လာသည်ဟု ဆိုသည်။

“ရေတာရှည် ရေနီပေါ့၊ အဲ့ဒီဘက်ကနေ ခရိုင်ချင်းဆက်လမ်းကတဆင့် တက်လာတာ။ သူတို့ (စစ်ကောင်စီ) ရဲ့ ရိက္ခာတွေ၊ လက်နက်တွေကြည့်တာလေ တော်တော်ပြည့်စုံတယ်။ အဲဒါကိုမှ အဲဒီခရိုင်ချင်းဆက်လမ်းပေါ်မှာ တပ်ဖြန့်ထားတယ်။ ထုံးဘိုကြီးဘက်ကရွာတွေမှာလည်း သူတို့တပ်တွေရှိတယ်။ လူမရှိတဲ့အိမ်တွေရှိတော့ အဲဒီအိမ်တွေပေါ်မှာ လိုက်တက်နေတယ်” ဟု သံတောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်အင်အားဖြည့်တင်းလာသည့် အဆိုပါခရိုင်ချင်းဆက်လမ်းကို ယခင်က အရပ်သားများလည်း သွာလာအသုံးပြုကြပြီး သံတောင်-တောင်ငူ လမ်းမကြီးပိတ်သည့်ကိစ္စနှင့်ဆက်စပ်ကာ စစ်ကောင်စီက အဆိုပါလမ်းကို မေလဒုတိယအပတ်မှစ၍ တန်ပြန်ပိတ်လိုက်သဖြင့် အရပ်သားများ အသွားအလာမလုပ်တော့ပေ။

သံတောင်-တောင်ငူလမ်းပိတ်ထားသည့် ကာလတွင်လည်း စစ်ကောင်စီက ထုံးဘိုကြီးစခန်းသို့ အင်အားဖြည့်တင်းခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

လိပ်သိုတွင်နေထိုင်သည့် အမျိုးသားတစ်ဦးက “တောင်ငူ-လိပ်သို လမ်းကနေ တက်လာတာ။ ထုံးဘိုကြီးစခန်းဘက်ကိုပဲ။ စကစ တက်လာတာ တအားများတယ်။ ၂၀၀၊ ၃၀၀ ဝန်းကျင်လောက်ရှိမယ်။ ကော်ဘတ်ခြံတံတား နှစ်စင်းချိုးထားတာကိုတောင် ပြန်ပြင်ပြီးလာကြတာ” ဟု ပြောသည်။

အဆိုပါ တပ်စခန်းရှိတပ်များသည် မေလအတွင်း အရပ်သားပြည်သူပိုင်နေအိမ်နှင့် လမ်းပိုင်းတွင် ကျူးကျော်အခြေချရုံမျှမက ၎င်းတို့အထင်အမြင်ဖြင့် ဒေသခံ (၁၁) ဦးအား ဖမ်းဆီးအကြမ်းဖက်ခဲ့ပြီး (၇) ဦးကို သတ်ဖြတ်ခဲ့သေးသည်။

KIC ပေးပို့သည်။