2 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းသံတောင်ကြီးတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

သံတောင်ကြီးတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောပြာကြီးရွာလမ်းခွဲ၌ ဘုရင့်နောင်စစ်ကောင်စီတပ်စခန်းကနေ ဆင်းလာသည့် ယာဥ်တန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်စခန်းမှ သံတောင်-တောင်ငူ လမ်းအား အသုံးပြု၍ တောင်ငူမြို့သို့ဆင်းလာသည့် စစ်သုံးမော်တော်ယာဥ် ၁၀ စီးအား တပ်မဟာ (၂) KNLA တပ်ရင်း (၅) တပ်ခွဲ (၃) မှ တပ်ဖွဲ့ဝင်များက ထိုနေ့မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်ရင်း (၅) လူမှုကွန်ရက်ကတဆင့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ မော်တော်ယာဥ်တစ်စီး တိမ်းမှောက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသေဆုံး၍ (၆) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

ယာဥ်တန်းတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တိမ်းမှောက်သွားသည့်ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အခြားမော်တော်ယာဥ်ဖြင့် သယ်ဆောင်သွား၍ ထိုလမ်းကိုလည်း စစ်ကောင်စီဘက်က ယာယီပိတ်ချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သံတောင်ကြီးကနေတော့ နာရီဝက်လောက်ဝေးတယ် အဲဒီနေရာမှာဖြစ်တာ။ ကားမှောက်တာကလည်း ကုန်းအဆင်းမှာ ဘရိတ်ပေါက်သွားတယ်လို့ ကြားတယ်။ ဖြစ်ပြီးတာနဲ့ အဲဒီကားထဲက လူတွေကိုဆွဲထုတ်ပြီး သယ်သွားကြတယ်။ နောက်တော့ သံတောင်ကြီးအတက်အဆင်းကားတွေအားလုံး ပေးမသွားတော့ဘူး။ ဟိုး ၁၃ မိုင်လောက်ကတည်းက တားထားတယ်။ သူတို့ကိစ္စပြီးမှ ပြန်လွှတ်တာ” ဟု အဆိုပါဒေသခံက ပြောသည်။

ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ရာထူးတာဝန်နှင့်ပတ်သက်၍မူ KNLA ဘက်က နောက်ဆက်တွဲ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိသည့် သံတောင်ကြီး မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်းများ၊ ဌာနဆိုင်ရာနေရာများ၊ သွားလာနေသည့် စစ်သုံးယာဥ်များ မကြာခဏတိုက်ခိုက်ခံရလျက် ရှိသည်။

ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းကလည်း ရှမ်းလယ်ပြင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ် များက ပိတ်ဆို့တိုက်ခိုက်လျက်ရှိသောကြောင့် ယင်းနေရာအနီးတဝိုက် လေကြောင်းပစ်ခတ်မှုများဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

KIC ပေးပို့သည်။