စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် PDF များအကြား စစ်ရေးပဋိပက္ခများကြောင့် ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်ကတည်းက ပိတ်နေခဲ့သည့် ကလေး – တမူး ကုန်သွယ်ရေးလမ်း ပြန်လည်သွားလာ၍ ရနေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ ဒီနေ့မနက်ပဲ ၁၂ ဘီး ကားအစီး နှစ်ဆယ်ကျော် အဝင်/အထွက်ရှိပါတယ်” ဟု တမူးမြို့ခံတစ်ဦးက စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ပြီး ကလေးဘက်မှ တမူးမြို့သို့ ကုန်ကားများ စတင်ဝင်ရောက်လာပြီး ယခုအချိန်၌ ခရီးသည်တင်ကားများပါ စတင်သွားလာနေပြီ ဖြစ်သည်ဟု တမူးမြို့ခံများထံမှ သိရသည်။
“ လမ်းပြန်ဖွင့်ပါပြီရှင့်၊ ချင်းတောင်တန်း ကလေး – တမူး နေ့ချင်းပြန် ကားလေးဝန်ဆောင်မှု ကားတွေလည်း ပြန်လည် ပြေးဆွဲနေပါပြီရှင့်” ဟု ခရီးသည်တင်ကားလေး ဝန်ဆောင်မှုပေးနေသော ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
ယခင်လပိုင်းတွေက ကားလမ်း ပိတ်နေတာကြောင့် ကလေးမြို့မှ တမူးမြို့သို့ ခရီးသွားပါက ကလေးဝဘက်မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်၍ တုံဟဲကျေးရွာဘက် တောလမ်းများဘက်မှပတ်၍ သွားလာကြရသဖြင့် ယခင် ခရီးစရိတ်မှာ တစ်သာင်းကျော်ခန့်သာ ကျသင့်ရာမှ တစ်သိန်းကျော်အထိ ကျသင့်နေရပြီး ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်သွားကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ ကလေးနဲ့ တမူးကို သုံးသောင်းလောက်ပေးရတယ်ဆိုပေမယ့် ပတ်လမ်းကသွားရင် တစ်သိန်းကျော် ပေးရတာနဲ့စာရင် အဆင်ပြေပါတယ်” ဟု ဆိုသည်။
တမူးမြို့သည် အိန္ဒိယ – မြန်မာ နယ်စပ်မြို့ဖြစ်သော်လည်း အိန္ဒိယဘက်အခြမ်းတွင်လည်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသောကြောင့် ကုန်စည်စီးဆင်းမှု မရှိသကဲ့သို့ ကလေး-တမူးလမ်းပါ ပိတ်ထားသဖြင့် ပြည်သူအများစု အခက်အခဲနှင့် ကြုံတွေ့ခဲ့ရကြောင်းလည်း တမူးမြို့ခံတစ်ဦးက ပြောဆိုသည်။
တမူးမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စက်တင်ဘာလ ၁၆ ရက်နေ့က PDF-Tamu တပ်ရင်း ၄ စခန်းအား စစ်ကောင်စီတပ်များက တိုက်ခိုက်သိမ်းပိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်သတင်းရင်းမြစ်များအရ သိရသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။