သီပေါမြို့တွင် ၅ ရက်အတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသေဆုံး

0
182

သျှမ်းပြည်မြောက်ပိုင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က စပြီး စက်တင်ဘာ ၁၇ ရက်နေ့အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၅ ဦးရှိကြောင်း သီပေါဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ စစ်တပ်ကလည်း နေ့တိုင်းလို လေယာဉ်နဲ့လာပစ်တယ်။ ဒီဘက်က ဖုန်းလိုင်းက သိပ်မရတော့ အချက်အလက်ကောက်ရခက်တယ်။ ကျနော်တို့ကောက်ထားတဲ့ စာရင်းအရက သေဆုံးသူက ၁၀ ဦး ထက်မနည်းရှိတယ်။ မနေ့က မြို့ဟောင်းမှာ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရတယ်” ဟု အဆိုပါသီပေါဒေသခံက ပြောသည်။

ထို့အပြင် သီပေါဒေသခံများသည် စစ်ကောင်စီ၏ လေကြောင်းရန်ကို စိုးရိမ်သဖြင့် မြို့ကိုစွန့်ခွာကာ လေကြောင်းရန်ကင်းလွတ်ရာဒေသသို့ တိမ်းရှောင်ပြောင်းရွှေ့နေကြကြောင်း အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။

စစ်ဘေးရှောင်နေထိုင်ရသည့်အပေါ် သီပေါစစ်ရှောင်တစ်ဦးက “ရွာတွေ တောထဲတွေမှာ ပြန်သွားရှောင်ရတယ်။ အစားသောက်ဆေးဝါးတွေလည်း ခက်ခဲတယ်။ ဝမ်းစာအတွက်ရှာမယ်ဆိုလည်း အလုပ်မရှိ ပိုက်ဆံမရှိဘူး။ ခလေးတွေပါတော့ ပိုစိတ်ပူရတယ်။ အစားအသောက်မရှိရင် ဘယ်လိုနေလို့ရမလဲ မသိဘူး” ဟု ပြောသည်။

လက်ရှိ၌ ဒေသခံစစ်ရှောင်များသည် သီပေါမြို့နှင့် တစ်မိုင်ခန့်ဝေးကွာသော လှိုဏ်ဂူအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

သီပေါမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ- (၂၃)၊ ခြေမြန်တပ်ရင်း ခမရ- (၅၀၃၊ ၅၀၄) တို့ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ်လ ၁၀ ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သီပေါမြို့ကို TNLA က ထိန်းချုပ်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here