သိန္နီမြို့တွင် ကားလမ်းပိတ်ပြီး KIA တပ်ဖွဲ့မှ ဆက်ကြေးထပ်မံကောက်ခံနေ

0
326

ပုံစာ- ကားများကို ကန့်လန့်ဖြတ်ပိတ်ပြီး ဆက်ကြေးကောက်ခံနေစဉ်။

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် ( KIA ) တပ်မှ ကားလမ်းပိတ်ပြီး ဆက်ကြေး ထပ်မံကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။



အောက်တိုဘာ ၈ ရက် နံနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် KIA စခန်းချနေထိုင်ရာ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စု၊ ကွန်ကောက်ဘုန်းကြီးကျောင်းရှေ့ ၌ ကုန်တင်ကားများကို လမ်းကန့်လန့်ဖြတ်ရပ်နားစေပြီး ကားသမားများထံမှ ဆက်ကြေး ကောက်ခံနေကြောင်း အမည်မဖော်လိုသူ ဒေသခံလူငယ်တစ်ဦးက ပြောဆိုသည်။

“KIA က ဆက်ကြေး လာကောက်တာ၊ သူတို့ ဆက်ကြေးကောက်တဲ့အချိန် တခြားကားတွေ ဖြတ်သွားဖြတ်လာလုပ်လို့ မရအောင်လည်း ကုန်တင်ကားတွေကို လမ်းပိတ် ရပ်ခိုင်းထားတယ်၊ သူတို့ဆီ ဆက်ကြေး မပေးမချင်း ရှေ့ဆက်သွား လို့လည်း မရဘူး” ဟု အဆိုပါ ဒေသခံလူငယ်က ပြောသည်။

KIA တပ်ဖွဲ့သည် ကုန်တင်ကားသမားများထံမှ တစ်နှစ်စာ ဘီးလိမ့်ခွန်ကို မြန်မာငွေကျပ် ၁၀ သိန်းနှင့်အထက် တောင်းခံပြီး၊ သယ်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ မြန်မာငွေကျပ် သိန်း ၂၀ မှ ၈၀ (၁၀၀ နီးပါး) အထိ ထပ်မံပေးဆောင်စေကြောင်းလည်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

KIA ဆက်ကြေး ကောက်ယူနေသည့် အဆိုပါလမ်းပိုင်းသည် သိန္နီ- ကွန်လုံ- ချင်းရွှေဟော် ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး၊ ချင်းရွှေဟော်သည် တရုတ်နယ်စပ်မြို့၊ နယ်စပ်ကုန်သွယ်ရေးဇုံရှိသည့် မြို့ဖြစ်တာကြောင့် ကုန်တင်ကားများ သွားလာ ဖြတ်သန်းနေသည့် လမ်းပိုင်းလည်း ဖြစ်သည်။

ထို့ပြင် အောက်တိုဘာလ ၈ ရက်၌ ဆက်ကြေးကောက်ခံရာတွင် ပစ်ခတ်မှု မရှိသော်လည်း KIA တပ်ဖွဲ့သည် ကုန်ကောက်ကျေးရွာမှ ပြောင်းရွှေ့ပြီး တန့်ခန်ကျေးရွာ (ဝၢၼ်ႈတၢင့်ၶၢၼ်) နှင့် နောင်မောင်းကျေးရွာ (ဝၢၼ်ႈၼွင်မွင်း) ကြားတို့၌ ဆက်ကြေး ဆက်လက် ကောက်ခံလျက်ရှိကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“KIA ပြောင်းသွားတဲ့နေရာက သိန္နီ ကနေ ကွန်လုံကိုသွားတဲ့ လမ်းမကြီးဘေးမှာပဲ၊ အဲ့ဒါက ဟိုဘက် (ကွန်လုံ) ထွက်တဲ့လမ်းနဲ့ ပိုပြီး နီးသွားတာပေ့ါ၊ မနေ့က စစ်ကောင်စီကလည်း လက်နက်ကြီးနဲ့ ပစ်ကြတော့၊ အဲ့ဒါကို ရှောင်တာလည်း ဖြစ်နိုင်တယ်၊ အကောင်းဆုံးကတော့ သူတို့ရှိတဲ့နေရာကို မသွားတာပဲ၊ သွားရင်လည်း ပိုက်ဆံပေးရမှာ” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။

အောက်တိုဘာ ၇ ရက် ယမန်နေ့ ၁၀ နာရီ ဝန်းကျင်တွင် သိန္နီမြို့နယ် ၊ ကွန်ကောက်ကျေးရွာအတွင်း အခွန်ကောက်နေသည့် KIA တပ်နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ကွန်ကောက်ဘုန်းကြီး ကျောင်းဝန်းအတွင်း လက်နက်ကြီး ကျကွဲပြီး ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

ယင်းကဲ့သို့ လက်နက်ကြီးဖြင့် နှစ်ဖက်တပ်အကြား အချင်းချင်း ပစ်ခတ်မှုများကြောင့် ကွန်ကောက်ကျေးရွာ (ဝၢၼ်ႈၵုၼ်ၵွၵ်ႇ) မန်ဟေကျေးရွာ (မၢၼ်ႈႁေ)၊ တန့်ခန်ကျေးရွာ (ဝၢၼ်ႈတၢင်ႉၶၢၼ်) နှင့် နောင်မောင်းရွာ (ဝၢၼ်ႈၼွင်မွင်း) စသည့် ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ စုစုပေါင်း ၅၀၀ ကျော်သည် စစ်ရှောင်ထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်များသည် ဟိုမိန်းဘုန်းကြီးကျောင်း၊ ဖိုင်ခမ်းဘုန်းကြီးကျောင်းနှင့် မြို့ပေါ်ရှိ နီးစပ်ရာဆွေမျိုးများထံသို့ ရောက်ရှိခိုလှုံနေရကြောင်းလည်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here