သရက်ချောင်းတွင် နှစ်ဖက်တပ်အကြားထိတွေ့တိုက်ပွဲ၌ ဒေသခံ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

0
226
ပုံစာ- စစ်ကောင်စီက ဒေသခံ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်။ (Photo-Social Media)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးရွာဟောင်းအနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် ဒေသခံ ၃ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရသည်။

စက်တင်ဘာ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ ပိတောက်ကြီး ရွာဟောင်းအနီး၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့၏ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် ကရင်တိုင်းရင်းသား ဒေသခံ ၃ ဦးကို သေနတ်နှင့် ပစ်ခတ်သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

သတ်ဖြတ်ခံရသည့် ဒေသခံများသည် ပိတောက်ကြီးရွာဟောင်းနေ အသက် ၂၀ ဝန်းကျင် အရွယ် စောဒါးဒူ၊ စော ပေဖော့နှင့် အသက် ၃၅ အရွယ် စောစေးဝါးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ နှစ်ဖက်တပ်အကြား ထိတွေ့တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းနှင့် စစ်ကောင်တပ်က ဒေသခံနေအိမ် ၂ လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားသည့် ဒေသခံ ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များ ဖြစ်ကြောင်း ဝါဒဖြန့် ရေးသားထားသည်ကို တွေ့ရသည်။
တိုက်ပွဲအပြီး ဒေသခံနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားသော စစ်ကောင်စီတပ်သည် သရက်ချောင်း မြို့ပေါ်ပိုင်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် ပိတောက်ကြီး၊ ပဲဒက် အပါအဝင် ကျေးရွာ ၃ ရွာမှ ဒေသခံ ၅၀၀ ကျော်သည် နီးစပ်ရာ တောတောင်များနှင့် ဘေးလွတ်ရာ နေရာများကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲ ကြသေးကြောင်းလည်း ဒေသခံများထံမှ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here