တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကြီးကျေးရွာတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အောက်တိုဘာ ၃၁ ရက်နေ့ ည ၉ နာရီခန့်တွင် သရက်နှစ်ခွ စစ်ဆေးရေးဂိတ်ကနေ ပန်းပြင်ကြီးကျေးရွာအနီး ကင်းပုန်းဝပ်ရန် လာရောက်သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း ၃ လုံး ဆွဲပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းလာဝပ်သည်ဆိုသော သတင်းအရ ကြိုတင်စောင့်ဆိုင်း ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါသည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း နေရာမှာတင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၅ ဦး၏ လက်နက်များကို သွားရောက် ကောက်ယူရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီတပ်စစ်ကူများ ရောက်ရှိလာခြင်းကြောင့် ပြန်ဆုတ်ခဲ့ရသည်ဟု အဆိုပါဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။
စစ်ကောင်စီ ကင်းပုန်းအဖွဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁ ရက်နေ့ နံနက်အစော ပိုင်းမှ စပြီး သရက်ချောင်းမြို့နယ်ရှိ သဲချောင်းကြီး၊ စုံစင်ဖျား၊ ဝင်းဝကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင် ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းကြောင့် နိုဝင်ဘာ ၁ ရက်နေ့ နေ့လည် ၁ နာရီ အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးသော်လည်း ဒေသခံတချို့မှာ ကြိုတင်ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ကတွဲကျေးရွာနှင့် ဝင်းဝကျေးရွာ အကြား စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။