သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

0
243
ပုံစာ - သရက်ချောင်းမှဒေသခံများ မိုးထဲလေထဲကြား စစ်ရှောင်ထွက်ပြေးနေကြရသည်။ (Photo-CJ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ရွာစဉ့်လှည့် စစ်ကြောင်းထိုး နေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ရငဲကျေးရွာ မြွေတောင်တွင် တပ်စွဲထားသည့် တပ်အင်အား ၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်က ကျွဲအင်းကုန်းကျေးရွာဘက်မှ စတင် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

ယင်းသို့ စစ်ကောင်စီတပ် ရွာစဉ်လှည့် စစ်ကြောင်းထိုးလာခြင်းကြောင့် ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ကနက်သီရိ၊ ပိန္နဲကျွန်း အပါအဝင် ကျေးရွာ ၅ ရွာမှ ဒေသခံ ၂၀၀၀ နီးပါး တိမ်းရှောင် ထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေတာကြောင့် ဒေသခံ ကလေးငယ်များ သက်ကြီရွယ်အိုများသည် မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသော်လည်း ဒေသကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးဘဲ လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းသည် ကနက်သီရိကျေးရွာဘက်သို့ ဦးတည်နေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့က အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကတွဲရွာကို ဝင်ရောက်လာပြီး ဒေသခံနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here