ဝိုင်းမော်တွင် KIA နှင့် ပြည်သူ့စစ်ကြား စစ်ရေးတင်းမာမှုကြောင့် ၃ ရက်အတွင်း နေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးခံရ

0
160

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဝူယန်ပြည်သူ့စစ်အဖွဲ့အကြား စစ်ရေးတင်းမာနေပြီး အပြန်အလှန် နေအိမ်မီးရှို့တာကြောင့် ၃ ရက်အတွင်း နေအိမ် ၁၄ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၅ ရက်နေ့မှ ဧပြီ ၇ ရက်နေ့အထိ ၃ ရက်အတွင်း ဝူယန်ပြည်သူ့စစ်တပ် ချထားသည့်ကျေးရွာအပါအဝင် တဆက်တည်းရှိနေသည့် လမြန်၊ မုတ်ကျိတ် စသည် ကျေးရွာများက လူနေအိမ် ၁၄ အိမ် ထက်မနည်း မီးလောင် ပျက်စီးသွားသည်ဟု ဝူယာန်ဒေသခံတစ်ယောက်က ပြောဆိုသည်။

“ဖြစ်တာက ရှေ့တစ်ရက်နေ့က စဖြစ်တာ။ ပထမဆုံးက ဝူယာန်ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးလောင် သွားတယ်။ နောက်တညက ရွာမရပ်ကွက်က KIA နဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး ၃ အိမ် ထပ်ရှို့ခံရတယ်။ နောက်မနက်ပိုင်းက ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်ကို ၁၀ လုံးလောက် ထပ်ရှို့ခံရတယ်တဲ့” ဟု အဆိုပါဒေသခံက ပြောသည်။

ဧပြီ ၅ ရက်နေ့ ညပိုင်းက ဝူယာန်ပြည်သူ့စစ်တာဝန်ခံဖြစ်သည့် ဦးငွါးဟူဆာ၏နေအိမ်ကို KIA နှင့် PDF အဖွဲ့ မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် ဧပြီ ၆ ရက် ညပိုင်းတွင် ဝူယာန်ကျေးရွာက KIA နှင့် ဆက်နွယ်မှုရှိသည်ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူ့စစ်အဖွဲ့က သွားရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု အဆိုပါဒေသခံက ပြောပါသည်။

ယင်းနောက် ဧပြီ ၇ နေ့ မနက်ပိုင်းက ထော့ဂေါ့ဆိုသည့် လီဆူရွာဘက်တွင် နေအိမ် ၁၀ လုံးခန့် မီးရှို့ခံရပြီး ထိုနေ့ နေ့လယ်ပိုင်း၌ လမြန်ကျေးရွာက နေအိမ်တစ်လုံး ထပ်မံမီးရှို့ ဖျက်ဆီးခံလိုက်ရသည်ဟု ၎င်းက ဆိုသည်။

ထိုသို့နေအိမ်မီးရှို့မှု မဖြစ်ခင် ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်အပါဝင် ဝူယန်ပြည်သူ့စစ်အဖွဲ့များနှင့် KIA ပူးပေါင်းတပ်များ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် နေအိမ်မီးရှို့ခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ ဧပြီလ ၇ ရက်နေ့မှာပင် ဝါးရှောင် (Washawng Mare) ကျေးရွာအထက်ပိုင်းရှိ ဝရှဂါးဘွမ့် (ဒေသအခေါ်) ဘက်တွင် စစ်ကောင်စီတပ်အပါဝင် ပြည်သူ့စစ်အဖွဲ့ စစ်အင်အား ၅၀ ဝန်းကျင် စစ်ရေးလှုပ်ရှား သွားလာနေတာ ကြောင့် KIA တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဂျက်လေ ၂ စီး အပြင် Y – 12 လေယာဉ်အမျိုးအစားနှင့် အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဝရှဂါးဘွမ့် တိုက်ပွဲဖြစ်သည့် နေရာဘက်ကို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မုတ်ကျိတ်ကျေးရွာ ခရစ်ယာန်ဓမ္မသက္ကသိုလ် ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ယခုလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာအပြင် ၂ ဖက်တပ်အကြား စစ်ရေးတင်းမာပြီး နေအိမ်မီးရှို့တာ အပြန်အလှန် လုပ်ဆောင်နေတာကြောင့် ဝူယာန်၊ မုတ်ကျိတ်နဲ့ လမြန် ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

ယင်းအပြင် ဝိုင်းမော်မြို့နယ်ထဲ အခိုင်အမာရှိနေသည် စစ်ကောင်စီ ခလရ ၅၈ တပ်ရင်း တိုက်ခိုက်ခံရမည်ကို စစ်ကောင်စီတပ်ဘက်က စိုးရိမ်နေသည့်အပြင် KIA က တိုက်ခိုက်လာပါက ကျေးရွာများ ပိုမိုမီးရှို့ဖျက်ဆီးခံရနိုင်သည်ဟု ဝိုင်းမော်ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုသည်။

“အခုအခြေအနေက ဝိုင်းမော် ၅၈ တပ်ရင်းကို KIA က တိုက်ခိုက်လာမှာဆိုပြီး စိုးရိမ်နေတာရယ် ပြည်သူ့စစ်နဲ့ လော်ဝေါ်လူမျိုးတွေကြားမှာ လူမျိုးရေးပြဿနာ ဖြစ်အောင်ရယ် ဝိုင်းမော်ဆိုတာက မပခနဲ့ အလွန်နီးကပ်လာတဲ့ အခြေအနေမှာ စိုးရိမ်တာရယ်၊ ဒီထက်ပိုဆိုးလာရင် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမယ်ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်နေတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ဝိုင်းမော်မြို့နယ်ထဲ၌ ၂ ဖက်တပ်အကြား စစ်ရေးတင်းမာမှုကြောင့် ထိတွေ့တိုက်ပွဲများ သာမက နေအိမ်မီးရှို့မှု ဆက်လက် မဖြစ်ပွားစေရန် ၂ ဖက်တပ် တာဝန်ရှိသူများ၏ ညှိနှိုင်းမှုကြောင့် မတ်လ ၈ ရက်နေ့အထိ အခြေအနေ ပြန်ငြိမ်သက်နေကြောင်းနှင့် တိုက်ပွဲများ ပြန်ဖြစ်ပွားလာမှာကိုလည်း ဒေသခံများအကြား စိုးရိမ်နေကြပါသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here