ဝန်းသိုတွင် စစ်ကောင်စီကလက်နက်ကြီးနှင့်ပစ်ခတ်လို့ ဘုန်းကြီးကျောင်းတွင်စာသင်နေသည့်ကလေးငယ်များ ထိခိုက်ဒဏ်ရာရ

0
360
ပုံစာ - ဝန်းသိုတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် စာသင်နေသည့်ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိ။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာဘူတာစုတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျ‌ရောက်ပေါက်ကွဲရာမှာ ပညာသင်ကြားနေသည့် ကလေးငယ် ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၆ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများနှင့် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝန်းသိုမြို့ပေါ်ရှိ စစ်ကောင်စီ ခမရ ၁၀၂ တပ်ရင်းက စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာဘူတာစုရှိ ခန္တီဝံသာရာမကျောင်းတိုက် လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

NUG ထုတ်ပြန်ချက်ပါအရ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျ‌ရောက်ပေါက်ကွဲချိန်သည် ဂျိုးတောင်ရွာမှ ကလေးငယ်များ ပညာသင်ကြားနေချိန်ဖြစ်တာကြောင့် ထိုသို့ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝန်းသိုမြို့ရှိ ဒေသခံတချို့အား ဆက်သွယ်မေးမြန်းရာ ထိုဖြစ်စဉ် မှန်ကန်ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဝန်းသိုမြို့ခံ အမျိုးသမီးတစ်ဦးက “ဖြစ်စဉ်ကတော့ မှန်ပါတယ်၊ ကလေး ခြောက်ယောက်ကတော့ ဆုံးသွားတယ် လို့လည်း ကြားရတယ်၊ အတိအကျတော့ မသိဘူး” ဟု ပြောသည်။

ယခုလုပ်ရပ်သည် စစ်ကောင်စီတပ်၏ အရပ်ဘက် စစ်ဘက်ခွဲခြားခြင်းမရှိဘဲ စစ်ရာဇဝတ်မှု ကျူးလွန်သည့် ထင်ရှားသည့်လုပ်ရပ်ဖြစ်ကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ကလေးငယ်များ စာသင်ကြားနေသော စာသင်ကျောင်းများအား စစ်ကောင်စီတပ်က ဗုံးကြဲသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စာသင်ကျောင်းဗုံးကြဲခံရမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိုအထဲတွင် ကျောင်းသားကလေးသူငယ် ၆ ဦး ပါဝင်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here