ကရင်နီပြည် (ကယား)၊ လွိုင်ကော်မြို့တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီက ဆောင်ရွက်လျက်ရှိနေတာက ဟန်ပြအနေနဲ့ နယ်မြေတည်ငြိမ်မှုရှိကြောင်း ပြသနိုင်ရန်သာဖြစ်သည်ဟု လွိုင်ကော်မြို့ခံတချို့က ပြောဆိုပါသည်။
တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသော လွိုင်ကော်မြို့နယ်အတွင်း လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်ကို အဆောင်နေပုံစံမျိုးနှင့် ပထမဆုံးကျောင်းအဖြစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နေပြီဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းအပြင် လာမည့်နိုဝင်ဘာလအတွင်းလည်း လွိုင်ကော်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတို့ကို ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ဆက်ပြောဆိုထားသည်ကိုတွေ့ရသည်။
လွိုင်ကော်မြို့ခံတစ်ဦးက “တက္ကသိုလ်တွေက သွားလို့မှမရတာ Day ကျောင်းက ပေးကိုမဝင်သေးတာ၊ နည်းပညာ တက္ကသိုလ်ကလည်း တပ်စွဲထားတယ်။ တိုက်ပွဲလည်း ဖြစ်တဲ့နေရာတွေပေါ့။ မြို့ခံတွေ ပြန်လာနေအောင် ဟန်ပြ ဆွဲဆောင်တဲ့ ပုံစံမျိုးလို့ပဲမြင်တယ်” ဟု ပြောသည်။
ထိုသို့တက္ကသိုလ်များ ပြန်ဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း စစ်ကောင်စီဘက်က ကျောင်းသူ/ကျောင်းသားနှင့် ဆရာ၊ဆရာမများ၏ လုံခြုံရေးအတွက် အာမခံချက် တစုံတရာမရှိကြောင်း လွိုင်ကော်မြို့ခံ နောက်တစ်ဦးက ပြောဆိုသည်။
“ပထမ တခါတုန်းက ဆရာ၊ ဆရာမတွေ အဖမ်းခံရတုန်းကလည်း ဘာမှ တာဝန်ယူဆောင်ရွက်ပေးတာမျိုး မရှိခဲ့သလို ကျောင်းရှိတဲ့နေရာတွေကိုလည်း အခုထိ လုံခြုံရေး အာမခံချက် မပေးနိုင်တာမို့ ကျောင်းသားတွေ ဘယ်လိုတက်ရဲမလဲ” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့နယ်အတွင်း ဒေါဥခူ၊ နာနတ်တော၊ ချိကယ်၊ ဘာဒို၊ ထေးငှါးလျား၊ နောင်ယား စသည့် ရပ်ကွက်များအတွင်းကို လုံခြုံရေးအရဟုဆိုကာ နှစ်ကုန်အထိ ဝင်ရောက်နေထိုင်ခွင့်၊ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည်ဟု မြို့ခံများက ပြောဆိုသည်။
လာမည့်လအတွင်း စစ်ကောင်စီဖွင့်လှစ်မည့် လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်သည် ချိကယ်ကျေးရွာအုပ်စု အတွင်း၌တည်ရှိပြီး နည်းပညာတက္ကသိုလ်သည် မိုင်းလုံးရပ်ကွက်တွင်ရှိကာ ပြီးခဲ့သော ဇူလိုင်လအတွင်းက တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံများမှာ လုံခြုံရေးအရ ပြန်လည်နေထိုင်ခြင်း မရှိသေးကြပေ။
တဖက်တွင်လည်း တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စစ်ကောင်စီက ဆရာ/ဆရာမများကို ဖိအားပေးခေါ်ယူနေကြောင်း သိရှိရသည်။
ပညာရေးဝန်ထမ်းတစ်ဦးက “ပညာရေး ကောလိပ်နဲ့ သူနာပြုကျောင်းလည်း ပြန်ဖွင့်မယ်ပြောတယ်။ ဆရာမတွေလည်း မပြန်မနေရလို့ ပြောနေတယ်” ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်က တက္ကသိုလ်များ၊ ကောလိပ်ကျောင်းက ကျောင်းသူ/ကျောင်းသားများနှင့် ဝန်ထမ်းအများစုသည် CDM ပြုလုပ်ထားကြသူ အများစုဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စတင်ခဲ့သည့် “တစ်လေးလုံးစစ်ဆင်ရေး” အတွင်း လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုများကို စစ်ကောင်စီက ကာကွယ်မှု မပေးနိုင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က ကယ်ထုတ်ခဲ့ရပြီး စစ်ကောင်စီက ဖွင့်လှစ်မည့်ကျောင်းများကို တက်ရောက်ရန် အယုံအကြည်မရှိဟု ကျောင်းသားများက ပြောဆိုကြသည်။
လွိုင်ကော်မြို့တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆိုပြီး သန့်ရှင်းရေးလုပ်ဆောင်နေမှုနှင့် ပြင်ဆင်နေမှုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တို့တွင် ဖော်ပြလျက်ရှိသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။