လွိုင်ကော်မြို့ပေါ်တွင် ၉ ရက်အတွင်း စစ်ကောင်စီ‌က လေ‌ကြောင်းပစ်ခတ်မှုအကြိမ်ရေ ၁၀၀ ကျော် ပြုလုပ်ခဲ့

0
339

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကနေ ၉ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၁၀ ခန့် ရှိခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) ထံကနေ သိရသည်။

တာဝေးပစ်လက်နက်များ၊ ပေါင် ၅၀၀ ဗုံးတွေကိုပါ အသုံးပြုပြီး လေကြောင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုသည်။ ထိုပစ်ခတ်မှုတွေထဲ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပစ်ခတ်မှုအများဆုံးဖြစ်ပြီး တစ်ရက်ထဲကို အကြိမ်ရေ ၄၇ ကြိမ် အထိ ရှိနေလို့ ဆိုသည်။

“စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းကတော့ လူတိုင်းသိပြီ ဖြစ်မယ်။ အဓိက ကတော့ သူတို့ အုပ်ချုပ်ရေးယန္တာရား ပြန်လည်ရယူဖို့အတွက် လေယာဉ်သုံးဗုံးကြဲတာ ဖြစ်တယ်။ ဒါပေမယ့် ရေရှည်မကြာပါဘူး။ မကြာခင်အတွင်းမှာ သူတို့ ပြုတ်ကျစေရပါမယ်လို့ပဲ ပြောချင်တယ်” လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

မြို့တွင်း စစ်ရေးပြင်းထန်ခဲ့တဲ့ ရပ်ကွက်များဖြစ်သည့် ဒေါဥခူ၊ နာနတ်တော၊ နောင်ယား စတဲ့ ရပ်ကွက်တွေ မှာလည်း လေယာဥ်ဗုံးကြဲမှုကြောင့် နေအိမ်အများဆုံး ပျက်စီးတယ်လို့ ဒေသခံတွေဆီကနေ သိရသည်။

“နေအိမ်ပျက်စီးသွားတဲ့ ရပ်ကွက်တွေကတော့ ၄ ခုလောက် ရှိတယ်။ တစ်ရပ်ကွက်လုံး တစ်စစီနီးပါး ဖြစ်သွားတာ အများအားဖြင့်တော့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့်ပဲ။ အရပ်သားသေဆုံးမှု အများစုကလည်း အဲ့ဒါတွေကြောင့်ပါပဲ” လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် နို၀င်ဘာလ ၁၁ ရက်နေ့က စပြီး ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၄၇၇ ကြိမ် ရှိပြီ ဖြစ်ကြောင်းနှင့် လေကြောင်းပစ်ခတ်မှုအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကို စစ်ကောင်စီက အဓိက အားထားလုပ်ဆောင် နေတယ်ဟုလည်း ပြောဆိုပါသည်။

ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ၏ ဒီဇင်ဘာလ ၉ ရက်တွင် ဖော်ပြချက်အရ တစ်လအတွင်း အရပ်သား သေဆုံးမှု ၈၂ ဦး ရှိနေပြီး၊ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရသူ ၄၃ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရသူ ၂၄ ဦးနဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၅ ဦး ဖြစ်တယ်ဟု ဆိုသည်။

ကန္တာရဝတီတိုင်း(မ်)-မှပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here