လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ၅ ဦးနှင့် မိသားစုဝင်တွေကို အမှုဖွင့်တရားစွဲဆို၊ ကျန်ဝန်ထမ်းနှင့် မိသားစုဝင်တွေကို ကရင်နီပြည်က နယ်နှင်ဒဏ်ပေး

0
402

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည့် ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးနှင့် မိသားစုဝင်များကို ကရင်နီပြည်ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်ပြီး ဥပဒေနှင့်အညီ တရားစွဲအရေးယူသွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေသည့် တပ်မိသားစုဝင် ၃ ဦးကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ စစ်ခုံရုံးကို လွဲပြောင်းပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း IEC က ပြောဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ၂၄ ရက်နေ့က ပထမအကြိမ်အနေဖြင့် ဝန်ထမ်း ၇၀ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့ဖို့ စီစဥ်ပေးခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်တွင် ဒုတိယအကြိမ်အဖြစ် ဝန်ထမ်း ၅၉ ဦးနှင့် မိသားစုဝင် ၂၇ ဦးကို ကရင်နီပြည်နယ် ပြင်ပသို့ အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ IEC က ထုတ်ပြန်သည်။

အဆိုပါ နယ်နှင်ဒဏ်ပေးလိုက်သည့် Non- CDM ဝန်ထမ်းများအပါအဝင် မိသားစုဝင် စုစုပေါင်း ၁၉၃ ဦးကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ ယန္တရားမှန်သမျှကို ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့နဲ့ ကျောင်း၊ ရုံးနှင့်လည်း အဆက်အသွယ်မပြုလုပ်ဖို့၊ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူနှင့်တသားတည်း ရပ်တည်သွားဖို့ ကတိဝန်ခံချက် လက်မှတ်ရေးထိုးစေခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၁ ရက်နေ့က စတင်လိုက်သည့် ၁၁၁၁ စစ်ဆင်ရေးအတွင်း ပိတ်မိနေသည့် လွိုင်ကော်တက္ကသိုလ်နှင့် စက်မှုလက်မှုသိပ္ပံကျောင်းက Non-CDM ဝန်ထမ်းတွေနှင့် မိသားစုဝင်စုစုပေါင်း ၂၀၄ ဦးကို တော်လှန်ရေးတပ်ပေါင်းစုမှ ဘေးလွတ်ရာကို ကယ်ထုတ်ပြီးနောက် စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စတွေကို IEC ကနေ တာဝန်ယူဆောင်ရွက်ပေးသည်။

စစ်ရေးအခြေအနေအရ အရှိန်မြင့်တက်လာမှာဖြစ်တာကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သားတွေအနေနဲ့ ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ကိုလည်း IEC က တိုက်တွန်းထားပါသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here