လွတ်လပ်ပြီးဘက်မလိုက်သည့် စုံစမ်း‌စစ်‌ဆေးရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း KNU ထုတ်ပြန်

0
263

ကေအဲန်ယူ-ဗဟိုအလုပ်အမှုဆောင်ကော်မတီက မောထိုတလေးနယ်မြေရှိ ရာဇဝတ်မှုနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများတွင် ကေအဲန်ယူခေါင်းဆောင်အချို့ ပါဝင်နေကြောင်း ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ (၅) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ကရင်အဖွဲ့အစည်းပေါင်း (၆၈) ဖွဲ့မှ တရားမဝင်လုပ်ငန်းများလုပ်ကိုင်နေသည့် မောထိုတလေးနယ်မြေရှိ တရုတ်မြို့သစ်စီမံကိန်းတွင် ယခင် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သော ပဒိုစောရောဂျာခင်နှင့် ကေအဲန်ယူခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေသည်ကို အရေးယူမှုမရှိသည့်အတွက် အလုပ်အမှုဆောင်ကော်မတီတစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် တောင်းဆိုချက်ကို ၎င်းကိစ္စရပ်သည် ကေအဲန်ယူနှင့်ပတ်သက်မှုမရှိကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဖေဖော်ဝါရီလ(၂၆) ရက်နေ့တွင် ရှင်းလင်းချက် ထုတ်ပြန်ထားသော်လည်း ကရင်လူထုများအကြား ကေအဲန်ယူခေါင်းဆောင်များအပေါ် ဝေဖန်ပြောဆိုမှုများ များပြားနေဆဲဖြစ်သည်။

ထို့နောက် ယခု ကေအဲန်ယူ၏ (၁၇) ကြိမ်မြောက် ကွန်ကရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီက KNU ခေါင်းဆောင်များအား ထိုသို့‌ရေးသားပြောဆိုမှုများကို ကန့်ကွက်ကြောင်း၊ ဖြစ်စဉ်အမှန်ကိုသိရှိဖော်ပြနိုင်ရန် KNU ဗဟိုမှ ဦးဆောင်ကာ လွတ်လပ်၍ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များပါ‌ဝင်သော အဖွဲ့ကိုဖွဲ့စည်းကာ KNU ၏ မူဝါဒစည်းမျဉ်းနှင့်အညီ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောကလယ်စေးက ယခုလိုပြောသည်။

၎င်းက “ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့ ကွန်ကရက်ရဲ့နောက်ဆက်တွဲလုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတဲ့အတွက် မစတင်ရသေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယခင်ရက်တွေက လိုအပ်တဲ့စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ထားတာရှိပေမယ့် အခုလိုတရားဝင် စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုစတင်ဖို့ဆိုတာကတော့ ကွန်ကရက်ဆိုင်ရာနောက်ဆက်တွဲလုပ်ငန်းတွေ ပြီးပြတ်မှသာ စတင်မှာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စုံစမ်းစစ်ဆေးမှုနှင့်သက်ဆိုင်သော မေးမြန်းမှုများအား လိုအပ်သလိုထုတ်ဖော်ပြောကြားသွားမည်ဖြစ်ပြီး၊ ဥပဒေချိုးဖောက်မှုများ တွေ့ရှိက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အဖွဲ့ဖွဲ့ပြီး ဘယ်လိုဆောင်ရွက်နေသလဲ ဖြစ်စဉ်တွေက ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ အဓိကဖော်ပြချင်တာဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးရေးတွေ လုပ်နေတဲ့အချိန်မျိုးမှာ သင့်တော်ရင်သင့်တော်သလို ထုတ်ပြန်သွားပါမယ်” ဟု ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသော ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောကလယ်‌စေးက ဆက်ပြောသည်။

ထုတ်ပြန်ချက်တွင် ယခင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလကတည်းက မောထိုတလေးနယ်မြေရှိ တရုတ်မြို့သစ်စီမံကိန်းနှင့်ပတ်သက်သည့် မောလောအိအလင်းကုမ္မဏီသည် ထိုစီမံကိန်းမှ နုတ်ထွက်သွားပြီးဖြစ်သောကြောင့် ကေအဲန်ယူနှင့်မသက်ဆိုင်တော့သလို တရုတ်ရာဇဝတ်ဂိုဏ်းများပါဝင်နေသော KK park ဟု လူသိများသည့် လောင်းကစားရုံသည်လည်း ကေအဲန်ယူနှင့်ပတ်သက်မှု မရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခင် ကေအဲန်ယူ-ဗဟိုအလုပ်အမှုဆောင်ကော်မတီအနေဖြင့် ဖေဖော်ဝါရီလအတွင်း ရှင်းလင်းချက်ထုတ်ပြန်ရာတွင် KNUနှင့် Huanya International Holdings Group အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချ ပွဲအခမ်းအနား” ဟု ဆိုင်းဘုတ်တပ်ထားခြင်းခံရသည့်အတွက် ကေအဲန်ယူနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောရောဂျာခင်တို့ကို ပြည်သူလူထုများ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာရကြောင်း ဖော်ပြထားသည်။

အလားတူ ပဒိုစောရော်ဂျာခင်ကလည်း မိမိသည် အဆိုပါနယ်မြေတွင်ပြုလုပ်သော မြို့သစ်စီမံကိန်းအုတ်မြစ်ချအခမ်းအနားသို့ ဒေသခံမြေပိုင်ရှင်ပြည်သူလူထုကိုယ်စား အသိသက်သေအနေဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လ (၁၂) ရက်နေ့က အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရှင်းလင်းပြောဆိုထားသည်။

ကရင်လူမှုအဖွဲ့ အစည်းအဖွဲ့များ၏ ပြောခွင့်ရသူ စောသူးကဘီးကလည်း ပဒိုစောရော်ဂျာခင်သည် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီအား တင်ပြထားသော်လည်း ကော်မတီက ထုတ်ပြန်ရှင်းလင်းခြင်းမရှိသောကြောင့် အဆိုပါကိစ္စရပ်တစ်ခုလုံးတွင် ကော်မတီက တာဝန်ရှိပြီး မေးခွန်းထုတ်စရာဖြစ်လာကြောင်း ကေအိုင်စီသို့ ပြောဆိုထားပြီး ထိုသို့အငြင်းပွားမှုများရှိလာသဖြင့် စုံစမ်း‌စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ဖြေရှင်းရမည်ကို သိရှိနားလည်၍ အဖွဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း လက်ရှိကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောကလယ်စေးက ပြောပြသည်။

မောထိုတလေး(မယ်ထော်သလေး)ရှိ မြို့သစ်စီမံကိန်းသည် ထိုင်းအစိုးရဘက်တွင် တရားဝင်မှတ်ပုံတင်ရရှိထားသည့် Trans Asia ကုမ္ပဏီနှင့် မြန်မာအစိုးရဘက်မှ တရားဝင် မှတ်ပုံတင်ထားသည့် မုလအိအလင်း ကုမ္ပဏီတို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်း (၄၈) မျိုးကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ထို (၄၈) မျိုးကို တကြိမ်တည်း မလုပ်ဆောင်ဘဲ ကနဦးအနေဖြင့် လုပ်ငန်း (၄)မျိုး (၅) မျိုးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးနှင့်ဆက်စပ်သော ပစ္စည်းရောင်းဝယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပါဝင်ကြောင်းလည်း ပဒိုစောရောဂျာခင်၏ ရှင်းလင်းပြောဆိုမှုထဲတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here