လေးမျက်နှာမြို့ရောက် ရခိုင်စစ်ရှောင်ဒုက္ခသည် ၁၅၀ ခန့် စားဝတ်နေရေးအခက်အခဲကြုံနေ

0
113
Photo – Social Media

ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ရခိုင်စစ်ရှောင်မိသားစု ၆၀၊ လူဦးရေ ၁၅၀ သည် စားဝတ်နေရေး အခက်အခဲကြုံနေကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူများက ပြောသည်။

အဆိုပါစစ်ဘေးရှာင်များမှာ ရခိုင်ပြည် သံတွဲမြို့နှင့် ဂွမြို့နယ်တို့မှ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ကြပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

“အခု သူတို့နေထိုင်နေတာက လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ လဲခုံကြီးကျေးရွာချောင်း သဲခုံမှာ တဲထိုးနေထိုင်နေကြသူတွေပါ။ မိသားစု ၆၀၊ လူဦးရေ ၁၅၀ ရှိပါတယ်။ အခု လတ်တလော အကူညီတွေ လိုအပ်နေပါတယ်။ အစားအသောက်အပါအဝင် ဆေးဝါးတွေနဲ့ အနွေးထည်၊စောင်တွေ အရေးပေါ်လိုအပ်နေတယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ယင်းစစ်ရှောင်များအတွက် ထောက်ပံကူညီသူနည်းပါးပြီး ဆရာတော်တပါးက သွားရောက်ကူညီမှုအနေဖြင့် မိသားစုတစ်စုလျှင် ဆန် (၆) ပြည်ကျပေးသော်လည်း မိသားစုများသဖြင့် မိသားစုတိုင်းကို မကူညီနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“လွန်ခဲ့တဲ့တနင်္လာနေ့က ဆရာတော်တစ်ပါး သွားကူညီပါတယ်။ မိသားစုတစ်စု ဆန် ၆ ပြည်သာ ကူညီနိုင် ခဲ့ပေမယ့်  အားလုံးမိသားစုကတော့ မလောက်ငှခဲ့ဘူးလို့ ပြောပါတယ်။ သူတို့က အလုပ်အကိုင်လည်း မရှိကြဘူး။ ဒါကြောင့် အကူအညီတွေ အပူတပြင်းလိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

လေးမျက်နှာမြို့နယ်တွင် စစ်ဘေးရှောင် ၁၅၀ ခန့်သည် တဲထိုးနေထိုင်ကြပြီး စားဝတ်နေရေးအခက်အခဲ ကြုံနေသည့်အပြင် ထောက်ပံကူညီပေးသူများကို မျှော်နေကြောင်း အဆိုပါလူမှုကူညီပေးသူ၏ ပြောဆိုမှုအရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here