လောင်းလုံး၊ ကျောက်နီမော်ရွာ ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီက ရွာထဲရှိနေအိမ် ၂ လုံးကိုမီးရှို့

0
165
ပုံစာ - ကျောက်နီမော်ရွာ ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရသည့်မြင်ကွင်း။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအခြေစိုက် ပြည်သူ့စစ် (ခေါ်) ပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများက စက်တင်ဘာ ၉ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာအတွင်းရှိ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီနှင့် ပျုစောထီးတို့ ပူးပေါင်းတပ်စွဲထားသည့် ကျောက်နီမော်ကျေးရွာ ဘုရားကုန်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်မှုငြိမ်သက်သွားသော်လည်း ရွာအတွင်းရှိ အရပ်သားနေအိမ် ၂ လုံးကို စက်တင်ဘာ ၁၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲ ဘုရားကုန်းပေါ်ကစခန်းမှာက ပျူရောစစ်တပ်ရော ပေါင်းနေကြတာ။ တိုက်ပွဲဖြစ်တဲ့ရက်က လက်နက်ကြီးနဲ့လှမ်းထုတာရော လေယာဥ်ဝဲသံလည်းကြားတော့ ရွာထဲကလူတွေက ပြေးတာပေါ့။ တိုက်ပွဲဖြစ်ပြီး နောက်ရက်ကြတော့ အိမ်နှစ်လုံးကို မီးလာရှို့သွားတယ်။ အိမ်ပိုင်ရှင်တွေကလည်း သူတို့နီးစပ်ရာမှာပဲ နေကြတယ်။ လူထိခိုက်တာတော့မရှိဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ပြည်သူ့စစ်စခန်းတိုက်ပွဲတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပျူစောထီးစခန်းဧရိယာရှိ အဆောက်အဦးတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အဆိုပါပျူစောထီးစခန်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားသည့် ဘုရားကုန်းမှ ရွာအတွင်းသို့ မကြာခဏဝင်ရောက်၍ ကင်းလှည့်စစ်ဆေးလေ့ရှိပြီး ကင်းလှည့်လာသည့် ပျူစောထီးအချို့ကိုလည်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်သဖြင့် သေဆုံးခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်ဆင်၊ မောင်းမကန်၊ စခန်းကြီး အစရှိသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က အင်အားရာနှင့်ချီ၍ စစ်ကြောင်းထိုးနေသည်မှာ နှစ်ပတ်နီးပါးရှိနေပြီး ၎င်းတို့စစ်ကြောင်းထိုးနေသည့်ရွာမှ ဒေသခံတချို့အား ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လတွင် လောင်းလုံးမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးရာမှ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားပြည်သူပိုင်နေအိမ် ၃၇ လုံး ပျက်စီးခဲ့ရသည်ဟု FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here