တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ ကျော်ကို ဝင်ရောက်မွှေနှောက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။
ဇွန် ၂၅ ရက်နေ့တွင် ကျေးရွာထဲတပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာကနေ ပြန်လည်ထွက်ခွာသွားပြီးနောက် ဒေသခံများက နေအိမ်သို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ယင်းသို့မွှေနှောက်သွားသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ဒေသခံများ ပြောပြချက်အရ ကညုံကျွန်းကျေးရွာက နေအိမ်အားလုံးနီးပါး ဝင်ရောက်မွှေနှောက်ခံထားရပြီး တန်းဖိုရှိပစ္စည်းအများစု ပျောက်ဆုံးနေသည်ဟု ၎င်းတို့ကဆိုသည်။
စစ်ကောင်စီတပ်သားများ ကညုံကျွန်းကျေးရွာကနေ ပြန်ထွက်သွားချိန်၌ ဆိုင်ကယ်၊ စားသောက်ကုန်၊ တန်ဖိုးရှိ အဝတ်အထည်၊ အိမ်သုံးပစ္စည်းများ ပျောက်ဆုံးမှုများရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။
ယင်းအပြင် ကျေးရွာထဲက နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်နေသည့် ရွာခံအနည်းငယ်ခန့်သာ ကျေးရွာထဲ ပြန်လည်နေထိုင်ကြသေးသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့က အင်အား ၂၀၀ နီးပါးပါရှိသည့် စစ်ကောင်စီတပ်သည် ကညုံကျွန်းကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံများ ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။