တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်တွင် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ မြို့ခံများထံက သိရသည်။
ဇန်နဝါရီ ၃၀ ရက် မနက် ၅ နာရီခွဲ အချိန်ခန့်က စပြီး လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ရဲစခန်း၊ စရဖရုံးနှင့် ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနှင့် ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ မြိုခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။
နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၈ နှစ် အရွယ် အမျိုးသား ၁ ဦး အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားပြီး၊ နေအိမ်များလည်း ထိမှန်ပျက်စီးမှုတွေ ရှိနေတယ်လို့ မြို့ခံများထံမှ သိရသည်။
လောင်းလုံးမြို့ခံတစ်ဦးက “ကကြီးရပ်ကွက်ထဲက အိမ်နောက်ဖေးထင်းကုန်းမှာ တံမျက်စည်း စည်းနေရင်းနဲ့ လက်နက်ကြီး ကျပြီးတော့ လက်နက်ကြီးစ မှန်သွားတာ တစ်ယောက်ရှိတယ်။ တခြားနေရာမှာလည်း ထိတယ်လို့တော့ ကြားတယ်” လို့ ပြောဆိုသည်။
လောင်းလုံးမြို့ပေါ်တိုက်ပွဲသည် ဇန်နဝါရီ ၃၀ ရက် မနက် ၅ နာရီခွဲ အချိန်ခန့်က စပြီး နေ့လည်ပိုင်းအထိ ဖြစ်ပွားနေပြီး ညနေပိုင်း၌ အနည်းငယ် ငြိမ်သက်သွားပေမယ့် လက်နက်ကြီးသံများ ကြားနေရသေးတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လူနေအိမ်တွေကိုပါမချန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူ့တချို့ ထိခိုက်ဒဏ်ရာရတာရှိနေပြီး အရေးပေါ် ဆေးကုသမှုခံယူဖို့ အခက်အခဲ ရှိနေတယ်လို့လည်း ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန်သည်။
ထို့အပြင် လောင်းလုံးမြို့ပေါ်နှင့် အနီးအနားကျေးရွာတွေကို လက်နက်ကြီး အချိန်မရွေး ကျရောက် လာနိုင်တာကြောင့် ခိုင်ခံ့သည့် အဆောက်အအုံနဲ့ နံရံစတာတွေကို အကာအကွယ်ယူပြီး နေထိုင်ကြဖို့ အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။
အလားတူ ပုလောမြို့နယ်တွင် ဇန်နဝါရီ ၃၀ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေ ရှိနေတာကြောင့် နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ သိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။