4 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းလောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရ

လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဖွားဘုတ်ပြင်ကျေးရွာ တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထု ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြာရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား ဖွားဘုတ်ပြင်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲကြောင့် ဖွားဘုတ်ပြင်၊ စခန်းကြီး၊ ဆင်ပုနှစ်ကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံပြည်သူလူထု ၃၀၀၀ ကျော်ဟာ ဘေးလွတ်ကျေးရွာတွေနဲ့ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ပွဲပြီးနောက် အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖွားဘုတ်ပြင်ကျေးရွာအနီးပတ်ဝန်းကျင်မှာ ဆက်လက်တပ်စွဲထားတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူလူထု ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်